ရန်ကင်း သြဂုတ် ၃
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်တွင် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဆရာအတတ်ပညာရေး ဦးစီးဌာန(ရန်ကင်းပညာရေးဒီဂရီကောလိပ်) တို့ ပူးပေါင်းဖွင့်လှစ်သည့် ၂၀၂၂ ခုနှစ် မိုးရာသီအားကစား သင်တန်းဆင်းပွဲ၊ ဟောပြောသရုပ်ပြပွဲနှင့် အားကစားပစ္စည်း လှူဒါန်းပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၁၅ နာရီက ရန်ကင်းပညာရေး ဒီဂရီကောလိပ် မြတ်ပညာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ရန်ကင်းပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ဆရာကြီး ဦးအောင်မြတ်စိုးမှ သင်တန်းဆင်း အမှာစကားပြောကြားရာတွင် မျိုးဆက်သစ် လူငယ်ရွက်ပုန်းသီးများ ပေါ်ထွက်လာစေရန်၊ ဝူရှူးအားကစားနည်းများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိကာ စိတ်ပါဝင်စားလာစေရန်၊ ကာယဉာဏစွမ်းရည်များ ထက်မြက်သန်စွမ်းလာစေရန်၊ နိုင်ငံဂုဏ်ဆောင် အားကစားသမားများ ဖြစ်လာစေရန်ရည်ရွယ်၍ ဖွင့်လှစ်သင်ကြားပေးရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးရဲကျော်သူက အားကစားနှင့်ပတ်သက်၍ တိုင်း၊ ခရိုင်၊ မြို့နယ်အားကစားသမားများ ပေါ်ထွက်လာစေရေး၊ အားကစားနှင့်ကျန်းမာရေး၊ ပညာရေး၊ စိတ်ဓာတ်ရေးရာများတွင် ထူးချွန်လူငယ်များ ပေါ်ထွက်လာစေရေး၊ ဦးတည်ချက် မှန်ကန်ရေးတို့ကို အခြေခံ၍ လေ့ကျင့်သင်ကြားပေးခြင်းဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် ရန်ကင်းပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးက သင်တန်းနည်းပြများအား သင်တန်းဆင်း လက်မှတ်များပေးအပ်ပြီး၊ မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၂)မှ သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြောင်းနှင့် အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရသည်။
အိရွှေစင်(ပြန်/ဆက်)