သပိတ်ကျင်းမြို့နယ် ဝါးဖြူတောင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ အသိပညာပေး ဟောပြောပွဲကျင်းပ

သပိတ်ကျင်း သြဂုတ် ၃

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ် ဝါးဖြူတောင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက် (၁၀)နာရီက ကျောင်းသား/ ကျောင်းသူများအား အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဝါးဖြူတောင်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီးကိုယ်စား အထက်တန်းပြဆရာမဒေါ်နှင်းသီတာလှိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဟောပြောပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။ထို့နောက် သပိတ်ကျင်းမြို့၊ "မြို့မ" ရဲစခန်း ဒုရဲအုပ် ဇွဲမာန်ရဲမှလူကုန်ကူးမှုတားဆီးရေးနှင့် ပတ်သက်ပြီး ကလေးသူငယ်များအား လူကုန်ကူးခံရခြင်းမရှိစေရေး၊ လူကုန်ကူးမှု၏ ပြစ်မှုနှင့်ပြစ်ဒဏ်များ၊ လူကုန်ကူး/လူမှောင်ခိုမှုဆိုင်ရာများ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်နှင်းဆီက စည်းကမ်းသည် လူ၏တန်ဖိုး ခေါင်းစည်ဖြင့်လည်းကောင်း၊ အမှတ်(၉၄) ယာဉ်ထိမ်းတပ်ဖွဲ့ တပ်ကြပ်ကြီးအေးစိုးမှ ကျောင်းသား/ ကျောင်းသူများ ယာဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက် ယာဉ်စည်းကမ်းလမ်းစည်းကမ်းနှင့် ပတ်သက်ပြီး လိုက်နာရမည့် စည်းကမ်းနှင့်ဥပဒေများအား သက်ဆိုင်ရာ ကဏ္ဍအလိုက် အသိပညာပေး ဟောပြောခဲ့ကြသည်။

အဆိုပါ အသိပညာ​ပေးဟောပြောပွဲကို ဝါးဖြူတောင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ ဆရာမများ၊ ကျောင်းကော်မတီများမှ ကြီးကြပ်ဆောင်ရွက်ခဲ့ကြပြီး ကျောင်းသား/ကျောင်းသူ (၁၅၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်( ပြန်/ဆက်)