မချမ်းဘော့ ဩဂုတ် ၃
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့တွင် ပူတာအိုခရိုင် ဒေသဝမ်းစာဖူလုံရေးအတွက် မိုးစပါး ဆင်းဧကရီ-၃ အထွက်တိုးစိုက်ခင်းအတွင်း ဓာတ်မြေသြဇာနှင့် သဘာဝမြေသြဇာ (၁အချိုး၃) အချိုးကျရောစပ်ထားသော မြေသြဇာများ တောင်သူပညာပေးအနေဖြင့် ကြဲပက်ခြင်းကို ယမန်နေ့နံနက်(၁၀)နာရီက မချမ်းဘော့မြို့ ရပ်ကွက်(၄) တောင်သူ ဦးရမ်ဆိုင်း၏ လယ်မြေသုံးဧက၌ ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်စိုက်ပျိုးရေးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်လွင်က ပူတာအိုဒေသဝမ်းစာဖူလုံ စေရေးအတွက် ဆင်းဧကရီ(၃) စပါးမျိုးပြောင်းလဲစိုက်ပျိုးခြင်း၊ စိုက်နည်းစနစ်ပြောင်းလဲခြင်း၊ ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာ အချိုးကျရောစပ်သုံးစွဲခြင်းအားဖြင့် တစ်ဧက စပါးအထွက်နှုန်း တိုးတက်လာပြီး တောင်သူဝင် ငွေပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း တောင်သူပညာပေး ဆွေးနွေးသည်။
ဆက်လက်၍ ခရိုင်မြေအသုံးချရေးတာဝန်ခံဦးစီးအရာရှိ ဦးအောင်မိုးနှင့်မချမ်းဘော့ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်လွင်တို့က သဘာဝမြေသြဇာပြုလုပ်နည်း၊ သဘာဝမြေသြဇာနှင့် ဓာတ်မြေသြဇာအချိုးကျပေါင်းစပ်သုံးစွဲနည်းတို့ကို တက်ရောက်လာသည့် တောင်သူများအား လက်တွေ့ ရှင်းလင်းပြသ ဆွေးနွေးပါသည်။
ထို့နောက် မချမ်းဘော့မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကိုဝင်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် တောင်သူများက စိုက်ခင်းအတွင်း မြေသြဇာများ စနစ်တကျကြဲပက်နေမှုများကို ကြည့်ရှုအားပေးကြသည်။
မချမ်းဘော့(ပြန်/ဆက်)