တာချီလိတ် ဩဂုတ် ၃
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းသည် ဆေခမ်းရပ်ကွက် လေယာဉ်ကွင်းလမ်း ကွန်ကရစ်ခင်းခြင်းနှင့် လမ်းဘေးဝဲယာအုတ်စီရေမြောင်းပြုလုပ် အကောင်အထည်ဖော် ဆောင်ရွက်မည့်နေရာသို့ ယမန်နေ့မွန်းလွဲ ၃ နာရီခွဲအချိန်၌ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်ချက်များကို လမ်းညွန်မှာကြားခဲ့ကြောင်း သိရသည်။
လေယာဉ်ကွင်းလမ်း ကွန်ကရစ်ခင်းခြင်းနှင့်လမ်းဘေးဝဲယာ အုတ်စီရေမြောင်းပြုလုပ်ခြင်း လုပ်ငန်းစီမံချက်ကို စည်ပင်သာယာရေးဌာန တာဝန်ရှိသူတစ်ဦးက မြေပုံကားချပ်ဖြင့် ရှင်းလင်းတင်ပြခဲ့ပြီး ဝန်ကြီးချုပ်မှလိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့သည်။
အကောင်အထည်ဖော်ဆောင်ရွက်မည့်ဆေခမ်းရပ်ကွက် လေယာဉ်ကွင်းလမ်းသည် အရှည်(၅) ထောင်ပေ၊ အကျယ်(၃၀)ပေနှင့် ဘေးဝဲယာ ပခုံးလမ်းသား(၃+၃)=(၆)ပေ၊ စုစုပေါင်း(၃၆)ပေ ကျယ်ဝန်းကြောင်း သိရသည်။
ကွန်ကရစ်လမ်းအတွက် ခန်းမှန်းကုန်ကျစရိတ် ကျပ်သန်းပေါင်း (၁၄၆၄)သန်းကျော်ရှိပြီး အုတ်စီ ရေမြောင်းအတွက် ခန်းမှန်းကုန်ကျစရိတ် ကျပ်သန်းပေါင်း (၁၁၇၄) သန်းကျော်ရှိကြောင်း၊ ကွန်ကရစ်လမ်းခင်းခြင်းကို ပြည်သူများ၏စုပေါင်းလှူဒါန်းငွေဖြင့် တည်ဆောက်မည်ဖြစ်ကာ အုတ်စီရေမြောင်းပြုလုပ်ခြင်းကို စည်ပင်သာယာရေးဌာန၏ ဘတ်ဂျက်ရံပုံငွေဖြင့် ယခုနှစ်အတွင်း အပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်း စည်ပင်သာယာရေးဌာန ဒုတိယညွန်းကြားရေးမှူး ဦခွန်ဇော်ဦးထံမှ သိရသည်။
ယာဆေး(ပြန်/ဆက်)