ထန်းတပင်(ရန်ကုန်) သြဂုတ် ၂
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများက GIS စနစ်ဖြင့် ရပ်ကွက်/ကျေးရွာ တည်နေရာ Point စတင်ကောက်ယူခြင်းကို ယနေ့မှ စတင်၍ မြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
GIS စနစ်နဲ့ ထန်းတပင်မြို့နယ်မှာ ရပ်ကွက်/ကျေးရွာ တည်နေရာ Point စတင်ရယူဆောင်ရွက်တာကို မြို့ပေါ်ရပ်ကွက်(၅)ရပ်ကွက်ကနေပြီး ဒီကနေ့စတင် ဆောင်ရွက်နေတာဖြစ်ပါတယ်၊ ထန်းတပင်မြို့နယ်မှာက ရပ်ကွက်(၅)ရပ်ကွက်၊ ကျေးရွာအုပ်စု(၅၄)အုပ်စု၊ ကျေးရွာပေါင်း(၂၃၃)ရွာရှိပြီးတော့ ရပ်ကွက်/ ကျေးရွာ အုပ်စုအကုန်လုံးမှာ တည်နေရာ Point ထောက်ပြီးတည်နေရာရယူ ဆောင်ရွက်သွားမှာဖြစ်ပါတယ်၊ အခုဆောင်ရွက်တာလည်း ၂၀၂၄ ခုနှစ်၊ ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းရဲ့ ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်း တစ်ခုလည်းဖြစ်ပါတယ်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ထန်းတပင်မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးခင်ဆွေက ရှင်းပြသည်။
GIS စနစ်ဖြင့် ရပ်ကွက်/ကျေးရွာ တည်နေရာ Point ရယူရာတွင်လည်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ထန်းတပင်မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်(၅)ရပ်ကွက်သို့ ကွင်းဆင်းဆောင်ရွက်ခဲ့ပြီး Point တည်နေရာယူခြင်းလုပ်ငန်းများ အဆင်ပြေစေရးအတွက်လည်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်နိုင်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက ကွင်းဆင်းကာရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ချိတ်ဆက် ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)