လားရှိုး ဩဂုတ် ၂
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ မြို့တော်ခန်းမ၌ ယနေ့နံနက် (၁၀)နာရီခွဲအချိန်က ပန်းခင်းစီမံချက် အဆင့်-၂ ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခြင်းများအတွက် ပန်းခင်းစီမံချက်အဆင့်-၂ အနေဖြင့် ဩဂုတ်(၁)ရက်မှ ဩဂုတ်လ ၃၁ ရက်နေ့အထိ သတ်မှတ်ကာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန လားရှိုးမြို့နယ်ဦးစီးမှူးရုံးက ကွင်းဆင်းဆောင်ရွက်ပေးခြင်း ဖြစ်သည်။
အဆိုပါ နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ပေးရာတွင် လားရှိုးမြို့ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသားကျောင်းသူများအား အသက်(၁၆)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကိုလည်းကောင်း၊ လားရှိုးမြို့ ရပ်ကွက်၊ ကျေးရွာများမှ ရှမ်း၊ပလောင်၊ဝတိုင်းရင်းသားများ စုစုပေါင်း (၁၂၀)ဦးတို့အား အသက်(၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးနေမှုများကို လားရှိုးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးမင်းထွန်းနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးလင်းအောင်က Projector ဖြင့်လုပ်ငန်းဆောင်ရွက်ခဲ့မှုများကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့သည်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံး၌ E-ID (Electronic IDentification) စနစ်ဖြင့် အိမ်ထောင်စုစာရင်းများ ရေးသွင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးကာ အချိုရည်နှင့်မုန့်များကို ပေးအပ်ခဲ့သည်။ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှလည်း အားဖြည့်အချိုရည်နှင့် မုန့်ဖိုးငွေကျပ်(၁)သိန်းကို လုပ်ငန်းများဆောင်ရွက်နေသော ဝန်ထမ်းများနှင့် Volunteerများအတွက် ပေးအပ်ခဲ့သည်။
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဆောင်ရွက်နေသော E-ID (Electronic IDentification) စနစ်ဖြင့် အိမ်ထောင်စုစာရင်းများ ရေးသွင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုများ အောင်မြင်စွာပြီးဆုံးပါက အိမ်ထောင်စုစာရင်း (၂)ခုထပ်ခြင်းများမဖြစ်ပေါ်ခြင်း၊ မိသားစုအချက်အလက်များ လျင်မြန်စွာရှာဖွေနိုင်ခြင်း၊ အိမ်ထောင်စုများ ပြောင်းရွေ့လာရာဒေသကို လွယ်ကူစွာရှာဖွေနိုင်ခြင်းများကို လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း သိရသည်။
ဟန်ဌေး(လားရှိုး)