တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံ

တောင်ဥက္ကလာပ ဩဂုတ် ၂

ရန်ကုန်တိုင်း​​ဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊‌ တောင်ဥက္ကလာပမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရေးအတွက် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ  First dose၊  Second Dose နှင့် Booster ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီမှစ၍ အမှတ်(၆) ရပ်ကွက်ရှိ မြို့နယ်ပြည်သူ့ကျန်းမာ‌ရေးဦးစီးဌာန၌  ဆက်လက်ထိုးနှံ ဆောင်ရွက်ပေးကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် တောင်ဥက္ကလာပမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများအား အရှိန်အဟုန်မပျက် ဆောင်ရွက်ပေးလျက်ရှိပြီး မြို့နယ်အတွင်း၌ ကာကွယ်ဆေးထိုးနှံခြင်းကို သက်ဆိုင်ရာ ဦးစားပေးအလိုက် ဦးတည် အုပ်စုများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက် ၉ နာရီ မှ ၃ နာရီအချိန်ထိ အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉‌ ရောဂါကာကွယ်ဆေးများကို First dose ၊  Second Dose  နှင့် Booster တို့အား ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဆေးထိုးနှံရာသို့ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်‌ရေးကော်မတီဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ရုံးဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုကူညီရေးအသင်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များပူးပေါင်း၍ ကာကွယ်ဆေး ထိုးနှံရန်လာရောက်ကြသူများကို အဆင်ပြေချောမွေ့စွာ ဆေးထိုးနှံနိုင်ရန် ပူးပေါင်းဆောင်ရွက် ပေးလျက်ရှိကြောင်း သတင်းရသည်။

ခင်ဆွေနှင်း (ပြန်/ဆက်)