၂၀၂၂-၂၀၂၃ပညာသင်နှစ်တွင် ကျောင်းတက်ရန် သွားလာရေး အခက်အခဲရှိသည့် ကျောင်းသား/သူများအား စက်ဘီးများငှားရမ်းပေးခြင်း ဆောင်ရွက်

တကောင်း ဩဂုတ် ၂

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ တကောင်းမြို့တွင် ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်တွင် ကျောင်းသား/သူများ ပညာသင်ယူရာ၌ သွားလာရေးအခက်အခဲရှိသည့် ကျောင်းသား၊ ကျောင်းသူများအား စက်ဘီးများငှားရမ်းပေးခြင်းကို ယနေ့နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျောင်းတက်ရန်အတွက် သွားလာရေး အခက်အခဲရှိသည့် ကျောင်းသား၊ ကျောင်းသူများအား စက်ဘီးများ ငှားရမ်းပေးနိုင်ရေးအတွက် ၂၀၂၀ခုနှစ်မှစ၍ ကျောင်းကော်မတီများ၊ အလှူရှင်များက စီစဉ်ဆောင်ရွက်ထားရှိပြီး ကိုဗစ်ကာလတွင် ကျောင်းများ ခတ္တပိတ်ထားခဲ့ရသောကြောင့် ယခု ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် (၂၀. ၇. ၂၀၂၂)ရက်နေ့မှစ၍ စက်ဘီးငှားရမ်းအသုံးပြုလိုသည့် ကျောင်းသား/သူများအား သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ငှားရမ်းခွင့်လျှောက်လွှာများခေါ်ယူခဲ့ရာ အထက်တန်း ကျောင်း သား/သူ (၅)ဦးအား စက်ဘီးများငှား ရမ်းပေးနိုင်ခဲ့ကြောင်း ကျောင်းအကျိုးတော်ဆောင်အဖွဲ့ထံမှ သိရသည်။

အဆိုပါအခမ်းအနားသို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးဇော်လင်းနိုင်၊ နယ်မြေရဲစခန်းမှူး၊ ဆရာ၊ ဆရာမများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့် ကျောင်းအကျိုးတော်ဆောင် အဖွဲ့များ တက်ရောက်ခဲ့ကြောင်းသိရသည်။

သီရိအောင် (တကောင်း)