မုဒုံမြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ကျင်းပ

မုဒုံ သြဂုတ် ၂

သွေးလွန်တုပ်ကွေးရောဂါ ကူးစက်ဖြစ်ပွားမှုကို လျော့နည်းလာစေရန်နှင့် ရောဂါဖြစ်ပွားမှုကြောင့် သွေးလန့်၍ အသက်ဆုံးရှုံးမှုများ မရှိစေရန်အတွက် မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအ​ခြေပြုဗဟိုဌာန (Community Center)ခန်းမ၌ ယနေ့ နံနက် ၁၁ နာရီက  သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကို ကျင်းပသည်။

ဆွေးနွေးပွဲတွင်  မုဒုံမြို့နယ်  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မိုးမိုးစန္ဒာထွန်းက ဆွေးနွေးပွဲပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။ ထို့နောက် မုဒုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးကြီးကြပ် (၁) ဒေါ်သင်းသဇင်ဝေက သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်းနင်းရေးလုပ်ငန်းကို Community Based , School Base , Case Based သုံးမျိုးဖြင့် ဆောင်ရွက်နေကြောင်း “ဖုံး၊သွန်၊လဲ၊စစ်”လုပ်ငန်းများကို ကျန်းမာရေးဝန်ထမ်းများက လူတစ်ဦးချင်း မိသားစုအလိုက် ပုံမှန်ဆောင်ရွက်ရန်အတွက် အသိပေးဆွေးနွေးခြင်း၊ ဆောင်ရွက်မှုစစ်ဆေးခြင်းနှင့် နည်းလမ်းပြခြင်းတို့ကို အဓိက ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း၊ ခြင်လောက်လန်း နှိမ်နင်းရေးလုပ်ငန်း ထိရောက်မှုရှိအောင် လိုက်နာဆောင်ရွက်ရမည့် အချက်များ၊ ခြင်လောက်လန်းသေဆေး(Abate)ထည့်ခြင်းနည်းလမ်းများ အကြောင်းအရာများကို အကျယ်တဝင့် ရှင်းလင်း ဆွေးနွေးခဲ့သည်။

ထို့နောက် ကျောင်းကျန်းမာရေးဌာနမှ ကျောင်းလူမှုဆက်ဆံရေးမှူး ဒေါ်ဆွေဆွေလွင်က ကျန်းမာရေးဆိုင်ရာ အသိပညာပေး အချက်အလက်များကို “ကလေးမှကလေး” “ကလေးမှမိဘ” စသဖြင့် ပြည်သူများထံသို့ ထပ်ဆင့်ဖြန့်ဝေရန်အတွက် စာသင်ကျောင်းများတွင် ဟောပြောပွဲများ ပြုလုပ်ပေးကာ ကျောင်းတွင်လည်းကောင်း၊ အိမ်တွင်လည်းကောင်း ခြင်လောက်လန်း နှိမ်နင်းခြင်းလုပ်ငန်းကို လက်တွေ့ဆောင်ရွက်ပြီး အလေ့အကျင့်ဖြစ်လာစေရန် ပျိုးထောင်ပေးခြင်း ဖြစ်ကြောင်း၊ ခြင်လောက်လန်းကင်းစင်ကျောင်း စီမံချက်ကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့နေအိမ်ပြင် ပတ်ဝန်းကျင် စွန့်ပစ်ပစ္စည်းများ (ဗူးခွံ၊ ပုံးခွံ၊ အိုးခြမ်းပဲ့၊ ပလပ်စတစ်အိတ်၊ တာယာဟောင်း) စသည့်နေရာများတွင် အများဆုံး ပိုးလောက်လန်း ပေါက်ပွားလေ့ရှိကြောင်း၊ ရေအနည်းငယ် တင်ကျန်ရုံဖြင့် ဉချပေါက်ပွားနိုင်သောကြောင့် ၎င်းနေရာများတွင် ပတ်ဝန်းကျင် သန့်ရှင်းရေးလုပ်ငန်းများနှင့် ခြင်များ ခိုအောင်းနိုင်သော ချုံနွယ် ပိတ်ပေါင်းတို့ကို ရှင်းလင်းထားရန်လိုအပ်ကြောင်းနှင့် မြို့နယ်အတွင်း၌ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု အခြေအနေများကို ရှင်းလင်း ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

သားငယ်(မုဒုံ)