မိတ္ထီလာမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး စားသောက်ဆိုင်များ၊ လက်ဘက်ရည်ဆိုင်များ ဆိုင်ထိုင်စနစ်ဖြင့်ရောင်းချခြင်းမရှိဘဲ ပါဆယ်စနစ်ဖြင့်သာ စတင်ရောင်းချလျက်ရှိ

မိတ္ထီလာ၊ စက်တင်ဘာလ ၁၁

မိတ္ထီလာမြို့တွင်ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး စားသောက်ဆိုင်များနှင့် လက်ဘက်ရည်ဆိုင်များ ယမန်နေ့မှစတင်၍ ဆိုင်ထိုင်စနစ်ဖြင့်ရောင်းချခြင်းမရှိဘဲ ပါဆယ်စနစ်ဖြင့်သာ ရောင်းချလျက်ရှိကြောင်း  သိရသည်။

ကိုဗစ် - ၁၉ ရောဂါ မဖြစ်ပွားစေရေးအတွက် မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် အမျိုးသားရေး တာဝန်အဖြစ် ကာကွယ်တားဆီးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည့်အပြင် ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရန် ပြည်သူလူထုမှ လိုက်နာဆောင်ရွက်ရန်ပန်ကြားချက်များကိုလည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ အချိန်နှင့်တပြေညီ ထုတ်ပြန်ဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုသည် လူစူလူဝေးမှတစ်ဆင့် လျင်မြန်စွာ ကူးစက်နိုင်သဖြင့် လူစုလူဝေးနှင့် လူထူထပ်သောနေရာများကို နေထိုင်သွားလာခြင်းမှ အတက်နိုင်ဆုံး ရှောင်ကြဉ်ခြင်းဖြင့် ရောဂါကူးစက်မပြန့်ပွားစေရန် ကြိုတင်ကာကွယ်သည့်အနေဖြင့် မိတ္ထီလာမြို့နယ်၌ စားသောက်ဆိုင်များ၊ ထမင်းဆိုင်များ၊ ကြေးအိုးဆိုင်များ၊ Hot Pot ဆိုင်များ၊ ခေါက်ဆွဲဆိုင်များ၊ လက်ဘက်ရည်ဆိုင်များမှရောင်းချသော အစားအသောက်များအား ဆိုင် ထိုင်စနစ်ဖြင့် ရောင်းချခြင်းမပြုစေဘဲ ပါဆယ်စနစ်ဖြင့် ရောင်းချစေရေးကို စားသောက်ဆိုင် လုပ်ငန်းရှင်များအား ညွှန်ကြားထားပြီးဖြစ်ရာ အဆိုပါ ညွှန်ကြားထားသည့်အပေါ်  တိကျစွာ လိုက်နာဆောင်ရွက်သွားရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိဘဲ ဖောက်ဖျက်ကျူးလွန်ပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ စျေးအရာအရှိ ဦးအောင်ကျော်ထံမှ သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)