ပြည်ကြီးမဏ္ဍိုင်မြို့တွင် အသက်(၄၀)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (တတိယအကြိမ်) Boosterထပ်ဆောင်းထိုးနှံ

ပြည်ကြီးမဏ္ဍိုင် ဩဂုတ်

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့တွင် အသက်(၄၀)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်‌ဆေး (တတိယအကြိမ်) Booster ထပ်ဆောင်းထိုးနှံပေးလျက်ရှိရာ ဆေးထိုးစုရပ်ဖြစ်သည့် ကျန်းမာရေးဌာန (ပြည်ကြီးမဏ္ဍိုင်)၌ ယမန်နေ့ နံနက်ပိုင်းက ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေး(တတိယအကြိမ်) ထပ်ဆောင်းထိုးနှံပေးခြင်းကိုပြည်သူ့ကျန်းမာရေးဌာန ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးခြင်းဖြစ်ပြီး တတိယအကြိမ် ထပ်ဆောင်းထိုးနှံရာတွင် လွန်ခဲ့သည့် ခြောက်လအတွင်းက အိန္ဒိယနိုင်ငံထုတ် Covishield အမျိုးအစား(၂)ကြိမ် ထိုးနှံပြီး ထားသူများကို ထပ်မံ၍ Covaxin ဆေးအားထိုးနှံပေးခြင်းဖြစ်ပြီး တရုတ်နိုင်ငံထုတ် Sinopharm ဆေးအမျိုးအစား(၂)ကြိမ် ထိုးနှံပြီးထားသူများကိုမူ အိန္ဒိယနိုင်ငံထုတ် Booster အမျိုးအစားကို (တတိယအကြိမ်)အဖြစ် အသီးသီးထိုးနှံပေးခြင်းဖြစ်ကြောင်း သိရသည်။

တတိယအကြိမ်ကာကွယ်ဆေး Booster ထပ်ဆောင်းထိုးနှံမှုလုပ်ငန်းများကို အသက်(၆၅)နှစ်နှင့် အထက် သက်ကြီးရွယ်အိုများ၊ အသက်(၅၂)နှစ်နှင့်အထက် ပြည်သူများအား ဦးစားပေးထိုးနှံပေးခြင်း ဖြစ်ပြီးယခုအသက် (၄၀)နှစ်နှင့်အထက် ပြည်သူများကို အစီ အစဉ်တိုင်း ဆက်လက်ထိုးနှံပေးခြင်းဖြစ်ကြောင်း သိရသည်။

ကေခိုင်ဝင်း(ပြန်/ဆက်)