ဇေယျာသီရိမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်


ဇေယျာသီရိ စက်တင်ဘာ  ၁၁

နေပြည်တော်ကြက်ခြေနီကြီးကြပ်မှု ကော်မတီမှ ဇေယျာသီရိမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများနှင့်ပူးပေါင်းကာ  ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး အတွက် အသိပညာပေးခြင်း လုပ်ငန်းများကို ယမန်နေ့ မွန်းလွဲပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။         
အဆိုပါဆောင်ရွက်မှုတွင် နေပြည်တော်ကြက်ခြေနီကြီးကြပ်မှု ကော်မတီမှ ဒုတိယဥက္ကဋ္ဌ ဒေါ်ဖြူဖြူမြင့် ဦးဆောင်ပြီး မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင်နှင့် ဌာနဆိုင်ရာဝန်ထမ်းများ လိုက်ပါကာ  ဇေယျာသီရိမြို့နယ်အတွင်းရှိ အများပြည်သူ နှင့်ဆိုင်သော နေရာများနှင့် ဈေးများအတွင်း ကိုဗစ်-၁၉ကာကွယ်ရေး အသိပညာ ပေးခြင်း၊ တေးသရုပ်ဖော်များဖြင့် ဖျော်ဖြေတင်ဆက်ခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့သည်။
''ကိုဗစ်-၁၉ ရောဂါပြည်တွင်းကူးစက်မှုတွေ များပြားလာတာကြောင့်  ဇေယျာသီရိမြို့နယ်မှာ အသိပညာပေးတဲ့ လုပ်ငန်းလုပ်တာ ဆိုရင် အခုဆို(၂)ကြိမ်ရှိပြီးတော့ ပြည်သူလူထုတွေကလဲ ပူပေါင်းဆောင်ရွက်တာကို တွေ့ရတယ်၊ ပိုပြီးအကျိုးရှိပါတယ်၊ ဒီကနေ့တင်မကဘဲ နောက်ရက်တွေမှာလဲ ဇေယျာသီရိမြို့နယ်အတွင်းမှာ အသိပညာပေးတဲ့ လုပ်ငန်းတွေဆက်လက် လုပ်ဆောင် သွားမှာ ဖြစ်ပါတယ်'' ဟု မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးဌေးလှိုင်က ပြောကြားခဲ့သည်။


အေးလင်းထွန်း (ဇေယျာသီရိပြန်/ဆက်)