မြောက်ဥက္ကလာပမြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေး ရာနှုန်းပြည့် လွှမ်းခြုံနိုင်ရေး ပြည်သူများနှင့် ကျောင်းသားကျောင်းသူများအား ဆက်လက်ထိုးနှံ

မြောက်ဥက္ကလာပ  သြဂုတ် ၂

ရန်ကုန်တိုင်း‌ဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၌ ရွှေပေါက်ကံဒေသန္တရကျန်းမာရေးဌာန၊ မယ်လမုစင်တာနှင့် (ဌ)ရပ်ကွက်ဒေသန္တရကျန်းမာရေးဌာန၊ အခြေခံပညာကျောင်းများတွင် ကာကွယ်ဆေးထိုးနှံမှု ရာနှုန်းပြည့်မီ လွှမ်းခြုံနိုင်ရန်  ကာကွယ်ဆေး အကြိမ်ပြည့် မထိုးနှံရသေးသည့် ပြည်သူများအား ယနေ့ နံနက်ပိုင်းတွင် ဆက်လက်ထိုးနှံပေးခဲ့‌ကြောင်းသိရသည်။

အဆိုပါဆေးထိုးစုရပ်များတွင် ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသူများအား ထပ်ဆောင်း ကာကွယ်ဆေး Booster CoviShield ထိုးနှံသူ ရွှေပေါက်ကံ ဒေသန္တရကျန်းမာ‌ရေးဌာနတွင်(၅၅) ဦး၊ မယ်လမုစင်တာတွင် ပထမအကြိမ် Booster Sinopharm ထိုးနှံသူ(၁၉၇)ဦး၊ (ဌ)ရပ်ကွက် ဒေသန္တရကျန်းမာရေးဆေးခန်းတွင် ဒုတိယအကြိမ် Covanxin ထိုးနှံသူ(၄၅) ဦး၊ အ.မ.က(၂၀)၊ အ.မ.က(၁၁)၊ အ.မ.က(၃၂) ကျောင်းတို့တွင် Sinopharm ထိုးနှံသူ(၆၄၀)ဦး စုစုပေါင်း ကာကွယ်ဆေးထိုးနှံသူ(၉၃၇)ဦးတို့အား ကာကွယ်‌ဆေးများကို ကျန်းမာရေးဝန်ထမ်းများက ထိုးနှံ‌ပေးခဲ့ပြီး အခြေခံပညာကျောင်းများတွင်လည်း (၅)နှစ်မှ(၁၂)အတွင်း ကျောင်းသား ကျောင်းသူများအား ဆေးထိုးနှံရန် မကျန်ရှိစေရေးအတွက် သတ်မှတ်ရက်များအလိုက် ကွင်းဆင်းထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေးထိုးနှံပေးရာသို့ မြို့နယ် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက် တာဝန်ရှိသူများမှ လိုအပ်သည်များ ဝိုင်းဝန်းပူးပေါင်းကူညီ ဆောင်ရွက်လျက်ရှိပြီး ပြည်သူများနှင့် ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံရာတွင် အဆင်ပြေချောမွေ့မှုရှိစေရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့မိမြို့ဖများ၊ လူမှုကူညီရေးအသင်းဝင်များ၊ မြို့နယ်ပညာရေးဌာနမှဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ ဝိုင်းဝန်း၍ လိုအပ်သည်များ ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

လှလှထွေး