ကျန်းမာသန်စွမ်းသော လူစွမ်းအားအရင်းအမြစ်များ ပေါ်ထွန်းရေး က​လေးကစားကွင်းများ သန်လျင်၌ တည်ဆောက်ပေး

သန်လျင် စက်တင်ဘာ ၁၁

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ် စည်ပင်သာယာရေး ကော်မတီအနေဖြင့် ကျန်းမာသန်စွမ်းသော လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွန်းရေး၊ အားကစားလိုက်စားခြင်းဖြင့် ထူးချွန်ထက်မြက်သော နိုင်ငံသားကောင်း ရတနာများ ပေါ်ထွန်းရေး၊ အချိန်ကိုအကျိုးရှိစွာ အသုံးပြုတတ်စေရေး စသည့် ရည်ရွယ်ချက်များဖြင့် သန်လျင်မြို့နယ်အတွင်း ကလေးအားကစားကွင်းနှင့် အားကစားလေ့ကျင့်ရေး စင်တာများကို တည်ဆောက်ဖွင့်လှစ်ပေးလျက် ရှိသည်။

ယင်းသို့ ဆောင်ရွက်ပေးရာတွင် နံနက်တိုင်းကျန်းမာရေးအတွက် လမ်းလျောက်ကြသည့် သက်ကြီးရွယ်အိုများနှင့် ပြည်သူများအတွက် အားကစားလေ့ကျင့်ရေး စင်တာငါးခုနှင့် ကလေးငယ်များ ကျန်းမာပျော်ရွှင်စွာ ကစားနိုင်ရန် ကလေးကစားကွင်း သုံးခုကို တည်ဆောက်ဖွင့်လှစ်ပေးခဲ့ကြောင်း၊ သန်လျင်မြို့ ကျိုက်ခေါက်ဘုရားလမ်း နာရီစင်အနီးရှိ ဗိုလ်ချုပ်အောင်ဆန်း ပန်းခြံအတွင်း၌လည်း သီးသန့်ကလေးကစားကွင်းတစ်ခု ဖွင့်လှစ်ထားရှိကြောင်း မြို့နယ်စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးရဲမင်းက ပြောသည်။

သန်လျင်မြို့နယ် စည်ပင်သာယာရေး ကော်မတီအနေဖြင့် ခွင့်ပြုရန်ပုံငွေရရှိပါက အားကစား လေ့ကျင့်ရေး စင်တာများနှင့် ကလေးကစားကွင်းများကို တိုးချဲ့တည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သန်းဝင်း(သန်လျင်)