ကျောက်တန်း စက်တင်ဘာ ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေ ရေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် ၈ နာရီက မြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာများတွင် တစ်အိမ်တက်ဆင်း ကျန်းမာရေးအသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးဦးသန်းဌေးနှင့် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် လူမှုရေးအဖွဲ့များက ကိုဗစ်-၁၉ ရောဂါသည် ပြည်တွင်းကူးစက်မှုများ များပြားလာခြင်းကြောင့် ပြည်သူများအနေဖြင့် မိမိတို့ နေအိမ်ပြင်ပသို့ ထွက်ခွာ တိုင်း Mask တပ်ဆင်ရေး၊ မဖြစ်မနေသွားလာရမည်ဆိုပါက မိသားစုတစ်စုလျှင်(၁)ဦးသာ သွားလာစေရေး၊ လူစုလူဝေး ရှိသော နေရာများကို တတ်နိုင်သ၍ ရှောင်ကျဉ်ရေး၊ အပြင်မှပြန်လာတိုင်း၊ အရာဝတ္ထုများကို ကိုင်တွယ်ပြီးတိုင်း လက်သန့်ဆေး(သို့မဟုတ်) ဆပ်ပြာဖြင့် လက်ကိုစနစ်တကျဆေးကြောရေး၊ ချောင်းဆိုးခြင်း၊ ခေါင်းကိုက်ခြင်း၊ ဖျားနာ ခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ အနံ့အရသာ မသိခြင်းတို့ ခံစားရပါက မိမိတို့အိမ်တွင်း ဆေးမြီးတိုများဖြင့် ကုသခြင်းနှင့် ပြင်ပဆေးခန်းများတွင် ကုသခြင်းများ မပြုလုပ်ဘဲ မြို့နယ်ပြည်သူ့ဆေးရုံသို့သာ လာရောက်ပြသကြရန်၊ မိမိတို့အိမ် တွင် ညအိပ်ဧည့်သည်များ လက်မခံရန်နှင့် ပတ်ဝန်းကျင်တွင် ဧည့်သည်လာရောက်ပါကလည်း သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာ၊ အုပ်ချုပ်ရေးမှူးများထံသို့ အကြောင်းကြားရန်တို့ကို အသိပညာပေးပြီး ကိုယ်အပူချိန် တိုင်းတာပေးခြင်းများ လည်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယင်းကဲ့သို့ အဖွဲ့များခွဲကာ တစ်အိမ်တက်ဆင်း အသိပညာပေးခြင်းနှင့် ကိုယ်အပူချိန်တိုင်းတာခြင်းများနှင့် လူစည်ကား ရာနေရာများတွင် Mask တပ်ဆင်ရေး အသိပညာပေးခြင်းများအား နောက်ရက်များတွင်လည်း အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ခင်ဆွေဝင်း (ကျောက်တန်း)