မိတ္ထီလာ ဩဂုတ်၂
မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ အစီအစဉ်ဖြင့် မိတ္ထီလာမြို့ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်းများအသင်းမှ လူတစ်ဦးလျှင် စားအုန်းဆီတစ်ပိဿာ ၄၂ဝဝကျပ်နှုန်းဖြင့် မိတ္ထီလာ မြို့တွင်းနေရာ ၄ ခုတွင် ယနေ့နံနက်ပိုင်းက ရောင်းချပေးကြောင်းသိရသည်။
မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းရဲ့အစီအစဉ်နဲ့ မိတ္ထီလာမြို့ဆီကုန်သည်နှင့်ဆီ လုပ်ငန်းရှင်များအသင်းကနေ ဒီနေ့မြို့တွင်းနေရာ ၄ ခုမှာ လူတစ်ဦးကို စားအုန်းဆီတစ်ပိဿာ ၄၂ဝဝ ကျပ်နှုန်းနဲ့ လက်လီရောင်းချပေးတာပါ။ ဈေးအနောက်ဘက်ကန်ပတ် လမ်း၊ဝန်ဇင်းရပ်ကွက်၊ သီရိမင်္ဂလာရပ်ကွက် အဝေးပြေးခရီးသည်တင်ယာဉ်ရပ်နားစခန်းနေရာဟောင်းနဲ့ ဝါသုတိုးချဲ့ရပ် နေရာတွေမှာ ကားနဲ့လှည့်လည် ရောင်းချပေးတာပါ။ နေရာတစ်နေရာမှာ စားအုန်းဆီ ပိဿာချိန် ၆၆ဝ ပိဿာ ကုန်အောင် ရောင်းချပေးတာ ဖြစ်ပါတယ်ဟု မိတ္ထီလာမြို့ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးတိုးတိုးက ပြောသည်။
မိတ္ထီလာမြို့ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ လူတစ်ဦးလျှင် စားအုန်းဆီ တစ်ပိဿာ ၄၂ဝဝ ကျပ်ဖြင့် ရောင်းချခြင်းကို ချည်စက်၊တောမ၊ ဘဲကန်ဈေး၊ ဘူတာဟောင်းဈေး၊ကျီတော်ကုန်း၊ စက်မှုဇုန်ဈေး၊ ရှမ်းတဲဈေး၊ ပေါက်ချောင်းဈေး၊ နန်းတော်ကုန်း၊ အောင်ဆန်းမြို့သစ်၊ ရန်မျိုးအောင်ဈေး၊ ပြည်သာယာစသည်နေရာများတွင်လည်း သတ်မှတ်နေ့ရက်အလိုက်ရောင်းချပေးခဲ့ပြီးဖြစ်ကြောင်းသိရသည်။
ချမ်းသာ