သိန္နီ ဩဂုတ် ၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်တွင် လူငယ်များ ဘက်စုံထူးချွန်စေရန်၊ ကျန်းမာကြံ့ခိုင်စေရန်နှင့် စာရိတ္တများကောင်းမွန်၍ ယဉ်ကျေးလိမ္မာသော သားကောင်းရတနာများ ပေါ်ထွန်းလာစေရေးအတွက် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို သိန္နီမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း ရွှေစင်ခန်းမတွင် ယနေ့ နံနက် ၉ နာရီအချိန်က ဟောပြောခဲ့သည်။
ဟောပြောပွဲတွင် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝင်းမြင့်က အဖွင့်အမှာစကားပြောကြားရာ၌ ကျောင်းသားလူငယ်များ အခြေခံယဉ်ကျေး လိမ္မာစေရန်နှင့် စွမ်းရည်များ တိုးတက်စေရန်အတွက် လာရောက်ဟောပြောပေးသည့် ဌာနဆိုင်ရာ များအား ကျေးဇူးတင်ရှိကြောင်း ပြောကြားသည်။ ထို့နောက် ဒုမြို့နယ်ပညာရေးမှူး ဦးအောင်မျိုးက ဗလ(၅)တန် ခေါင်းစဉ်ဖြင့် ဟောပြောရာတွင် “ကျောင်းသား၊ကျောင်းသူများအနေဖြင့် ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနှင့် ဘောဂဗလ ပြည့်စုံရန်လိုအပ်ကြောင်း၊ ကျောင်းသူ၊ ကျောင်းသားအချင်းချင်း ချစ်ခင်စည်းလုံးစွာ နေထိုင် တတ်ရန်လိုအပ်ကြောင်း” ဟောပြောသည်။
ဆက်လက်၍ မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ပပဝင်းက လူငယ်နှင့်အားကစားခေါင်းစဉ်ဖြင့် ဟောပြောရာတွင် “ယနေ့ခေတ်လူငယ်များအနေဖြင့် ခေါင်းဆောင်ကောင်း စိတ်ဓါတ်မွေးမြူရန်လိုအပ်ကြောင်း၊ ခေါင်းဆောင်သူများအနေဖြင့် ကိုယ်ကာယကျန်းမာကြံ့ခိုင်စေရန်အတွက် အားကစားနည်းများကို အစဉ်အမြဲ ကစားသင့်ကြောင်း၊ ကျောင်းသား လူငယ်များအနေဖြင့် ကျောင်းနေပျော်၍ စာတော်စေရန်အတွက် ကျောင်းစာများကို လေ့လာ သင်ယူ၍ ကိုယ်ကာယကျန်းမာကြံ့ခိုင်စေရန် အားကစားဖြင့် နိုင်ငံ့ဂုဏ်ဆောင် ကျောင်းသားများ ပေါ်ထွန်းလာပါစေကြောင်း” ဟောပြောသည်။ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ဉမ္မာချိုက လူငယ်နှင့်ပညာခေါင်းစဉ်ဖြင့် ဆွေးနွေးရာတွင် “အသိပညာ၊ အတတ်ပညာ၊ နည်းပညာများ ရှိပါကြောင်း၊ ယနေ့ခေတ်သည် နည်းပညာ ခေတ်ဖြစ်သည်နှင့်အညီ ကျောင်းသား၊ကျောင်းသူများမှ နည်းပညာများကို စဉ်ဆက်မပျက် သင်ယူရမည်ဖြစ်ပြီး ဖုန်းသုံးစွဲမှု များကို တက်နိုင်သမျှ လျော့ချရမည်ဖြစ်ကြောင်း” ဟောပြောဆွေးနွေးသည်။ ဟောပြောပွဲ အပြီးတွင် ကျောင်းသားလူငယ်များအတွက် အားကစားပစ္စည်းများ ထောက်ပံ့လှူဒါန်းပေးအပ်ခဲ့ကြောင်းနှင့် ဟောပြောပွဲတွင် ဆရာ၊ဆရာမ၊ ကျောင်းသား၊ကျောင်းသူ (၁၅၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
စောဉမ္မာ(သိန္နီ)