မိုင်းယန်း ဩဂုတ် ၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ယနေ့နံနက် ၁၁ နာရီက စာရေးဆရာ ဒေါက်တာခင်မောင်အေး(နှလုံး) ဒုတိယအကြိမ် ရေးသားသော“လူရယ်လို့ဖြစ်လာလျှင် ”စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ စာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခွန်ရဲထွေးက စာပေဖတ်ရှုသည့် အလေ့အထကောင်းများ ဖြစ်ပေါ်လာစေရေး၊ လူငယ်များအနေဖြင့် စာဖတ်ဝိုင်းဆောင်ရွက်ခြင်းဖြင့် ပြောဆိုဆွေးနွေးသည့် အခွင့်အလမ်းများ ရရှိစေရေးတို့အတွက် စာဖတ်ဝိုင်းများကို စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းပြောကြားပြီး “ဘဝဆိုတာခဏလေးပါ” ခေါင်းစဉ်ဖြင့် ကျေးဇူဆပ်ထိုက်သူများကို ကျေးဇူးဆပ်နိုင်ကြစေရန် တိုက်တွန်းရေးသားချက်များကို စတင်ဆွေးနွေးခဲ့သည်။
ထို့နောက်(Youth Club)အသင်းအဖွဲ့ဝင် ဦးရဲထက်ဝင်မှ “တဖြည်းဖြည်းနဲ့တိုးတက် လာခဲ့ခြင်း” ခေါင်းစဉ်ဖြင့် အချိန်ကိုတန်ဖိုးရှိစွာ အသုံးချခြင်း အကြောင်းအရာများကိုလည်းကောင်း၊ (Youth Club) အသင်းအဖွဲ့ဝင် မဘူးကာက “လူငယ်များ သိသင့်သည်မှာ” ခေါင်းစဉ်ဖြင့် လူငယ်များလမ်းမှားမရောက်အောင် သုံးသပ်ဆင်ခြင်နိုင်ခြင်း အကြောင်းအရာများကိုလည်းကောင်း ဆွေးနွေးရာ တက်ရောက်လာကြသူများက ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းထူး