အင်းစိန်မြို့နယ်၊ အ.မ.က(၄၄)ကျောင်းတွင် သွေးလွန်တုပ်ကွေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်

ရန်ကုန် ဩဂုတ် ၁

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၌ ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ ခြင်မှတစ်ဆင့် ကူးစက်ရောဂါများမှ ကာကွယ်နိုင်စေရန်၊ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်စေရန်နှင့် ဆင်ခြေထောက်ရောဂါ ဖြစ်ပွားမှုမရှိစေရန်ရည်ရွယ်၍ အင်းစိန်မြို့နယ်အတွင်းရှိ ကျောင်းများကို သွေးလွန်တုပ်ကွေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက အင်းစိန်မြို့နယ်၊ ပေါက်တောဝရပ်ကွက်၊ ဥယျာဉ်လမ်းရှိ အ.မ.က(၄၄)ကျောင်းသို့သွားရာက်၍ ခြင်ဆေးဖျန်းခြင်း၊ သုံးရေများအတွင်း အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် စသည်တို့ကို ဆောင်ရွက်ခဲ့သည်။

ဆောင်ရွက်ရာတွင် အင်းစိန်မြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေး လမ်းတံတား၊ ပန်းဥယျာဉ်၊ ပတ်ဝန်းကျင်သန့်ရှင်းရေး၊ ရေစီးရေလာ၊ ကျန်းမာရေး၊ မီးသတ်ဦးစီးဌာန၊ ကြက်ခြေနီအသင်း၊ လှုမှုအထောက်အကူပြုအဖွဲ့များမှ တာဝန်ရှိသူများ၊ ကျောင်းဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးများနှင့် တာဝန်ရှိသူများက သွေးလွန်တုပ်ကွေးရောဂါ ကြိုတင် ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။

ဆက်လက်၍ အင်းစိန်မြို့နယ်အတွင်းရှိ ကျန်ရှိနေသော ရပ်ကွက်များနှင့် ကျောင်းများကိုလည်း ခြင်မှတစ်ဆင့် ကူးစက်ရောဂါများမှ ကာကွယ်နိုင်စေရန်အတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)