ချမ်းအေးသာစံ သြဂုတ် ၁
စာရေးဆရာမ နုနုကြည် (အမေ့အိမ်) ၏" မှောင်ရာမှလင်း မင်းမြတ်ရာဇာ သီရိဓမ္မာ "စာအုပ် စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးအရာရှိ ဦးထွန်းထွန်းနိုင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး စာရေးဆရာမ နုနုကြည်(အမေ့အိမ် )က" မှောင်ရာမှလင်း မင်းမြတ်ရာဇာ သီရိဓမ္မာ "စာအုပ်ရေးသားရသည့် ရည်ရွဟ်များများ၊ ယင်းစာအုပ်ပါ အကြောင်းအရာများ၊ စာအုပ်ကို ရေးသားခဲ့ပုံများကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် စာဖတ်ပရိတ်သတ်များက စာအုပ်တွင်ပါရှိသည့် အကြောင်း အရာများ၊ သိရှိလိုသည်များ၊ နားမလည်သည့် အကြောင်းအရာများကို မေးမြန်းဆွေးနွေးကြရာ စာရေးဆရာမ နုနုကြည်(အမေ့အိမ်)က မေးမြန်းချက်များကို ပြန်လည်ဖြေကြား ဆွေးနွေးခဲ့ သည်။
အဆိုပါ စာဖတ်ဝိုင်းသို့ ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးအရာရှိ ဦးထွန်းထွန်းနိုင်နှင့် တာဝန်ရှိသူများ၊ စာရေးဆရာမ နုနုကြည်(အမေ့အိမ်)နှင့် စာပေဝါသနာရှင်များ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း၊ အဆိုပ့စာအုပ်ကို လင်းသန့်စာပေမှ ထုတ်ဝေပြီး စာအုပ်၏ တန်ဖိုးမှာ ၂၀၀၀ ကျပ်ဖြင့် စာအုပ်ဆိုင်များတွင် ဝယ်ယူရရှိနိုင်ကြောင်း သိရသည်။
ယင်းစာအုပ်တွင် အသောကကျောက်စာ မူရင်း ၁၉ချပ်၊ ကျောက်စာတိုင်အကြီး ၇တိုင်၊ ကျောက်တိုင်အငယ် ၄တိုင်တို့၏ မြန်မာဘာသာပြန်များ မူရင်းအတိုင်း ထည့်သွင်းဖော်ပြထားခြင်း၊ သီရိဓမ္မာသောကမင်းတရားကြီး၏ သာသနာပြုမှတ်တိုင်များဖြစ်သည့် ပုသိမ်မြို့ ရွှေမုဋ္ဌောစေတီများသမိုင်း၊ သုဝဏ္ဏဘူမိတိုင်း အောင်သာဝတီပြည် (ကလိန်အောင်ရွာ) ရှင်မော်တောင်စေတီ အကြောင်း၊ ပေါက်မြို့ ရေပြာရွာ ယောရွှေမုဋ္ဌောနှင့် ရှင်မတောင်မုဋ္ဌောစေတီအပါအဝင် မုဋ္ဌော ၉ ဆူသမိုင်း၊ မန္တလေးတောင် ဆုတောင်းပြည့် ဘုရားကြီး၊ ရန်ကင်းတောင်အစ ကြိုးကြာစေတီ ရွှေမုဋ္ဌော၊ ကျောက်ဆည် သာလျောင်းတောင်မုဋ္ဌော၊ ရွှေကြက်ကျမုဋ္ဌော၊ အညာသီဟတောဘုရား၊ တောင်ကြီးရှိ မွေတော်က္ကူဘုရားသမိုင်း၊ သီပေါမြို့ ဘော်ကြိုဘုရားကြီးသမိုင်း၊ မဟိံသကတိုင်း ရခိုင်ပြည်မင်းထီးမှ အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာရှိ မဟာဗောတိစေတီတော်ကို ကုသိုလ်တော် ကျောက်စာမှတ်တမ်းများ ရေးထိုးကြောင်း စသည်ဖြင့် ကဏ္ဍစုံလင်စွာပါ ရှိသည်။
ထိပ်ထားနိုင်