ပင်းတယမြို့နယ်ထွက် ပန်းဂေါ်ဖီနှင့်ဂေါ်ဖီထုပ်များ ပြည်တွင်းဒေသများသို့တင်ပို့

ပင်းတယ သြဂုတ် ၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ် အနီးအနားရှိကျေးရွာစိုက်ကွင်းများတွင် ဧကအများအပြားစိုက်ပျိုးထားသည့် ပန်းဂေါ်ဖီနှင့် ဂေါ်ဖီထုပ်များ လှိုင်လှိုင်ထွက်ရှိနေပြီဖြစ်၍ ယခုအခါ ပြည်တွင်းဒေသ၊ အနှံ့အပြားသို့ တင်ပို့ရောင်းချလျက်ရှိသည်။

ပန်းဂေါ်ဖီနှင့် ဂေါ်ဖီထုပ်များ စိုက်ပျိုးရာတွင် မြေတစ်ဧကတွင် အပင်ရေ(၁၀၀၀၀) မှ (၁၂၀၀၀)အထိ စိုက်ပျိုးနိုင်ပြီး၊ ရင်းနှီးငွေကျပ် ဆယ်သိန်းဝန်းကျင်ကုန်ကျခံစိုက်ပျိုးရကြောင်း၊ ပျိုးစေ့အားအပင်ပျိုးပြီး တစ်လခွဲအကြာတွင် ပျိုးပင်များခွဲစိုက်အပြီး၊ နှစ်လဝန်းကျင်တွင် (စိုက်ပျိုးချိန် ၄ လ) ဝန်းကျင်အကြာ ခုတ်ယူရောင်းချနိုင်ကာ၊ ပန်းဂေါ်ဖီနှင့် ဂေါ်ဖီထုပ်များ တစ်ထုပ်လျှင် အနည်းဆုံးငွေကျပ်(၂၀၀)မှ အများဆုံးငွေကျပ်(၄၀၀) ခန့်စျေးနှူန်းဖြင့် ကုန်သည်ပွဲစားများနှင့်ချိတ်ဆက်၍ မှာယူသည့် မြို့နယ်ကုန်စိမ်းစျေးများအထိ ဖောက်သည် တင်ပို့ရောင်းချပေးရကြောင်း သိရသည်။

စိုက်ပျိုးရေးအခြေခံ ဖြစ်ထွန်းအောင်မြင်မှသာကုန်ထုတ် စွမ်းအားမြှင့်တင်နိုင်မည်ဖြစ်၍ ထိုမှတဆင့် သယ်ယူပို့ဆောင်ရေးလမ်းကြောင်းကောင်းလျှင် စီးပွားရေးဖွံဖြိုးတိုးတက်မည်ဖြစ်သည်။

ပင်းတယမြို့နယ် အနီးအနားကျေးရွာများဖြစ်သည့် ရေချမ်းစင်၊ ကျုံး၊ ပွေးလှ၊ တမဲ၊ ကူးကော်၊ သရက်ကုန်း၊ အစရှိသောကျေးရွာများတွင် ပန်းဂေါ်ဖီနှင့် ဂေါ်ဖီထုပ်များ ဧကအများအပြားစိုက်ပျိုးကြပြီး၊ ဒေသမှထွက်ရှိသော ပန်းဂေါ်ဖီနှင့် ဂေါ်ဖီထုပ်များအား အောင်ပန်းပွဲရုံမှ ရန်ကုန်မြို့နှင့် မိထ္ထီလာမြို့သို့လည်းကောင်း၊ ရွာငံ၊ ဟန်မြင့်မို၊ ကျောက်ဆည်လမ်းမှတဆင့် မန္တလေးမြို့ပွဲရုံများသို့လည်းကောင်း၊ ထိုမှတဖန်မြန်မာပြည်အနှံ နယ်မြို့များသို့  ဖောက်သည်တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

အေးအေးလတ်