လှည်းကူး စက်တင်ဘာ ၁၁
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် တွေ့ဆုံဆွေးနွေးခြင်းနှင့် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီအဖွဲ့မှ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက်(၁၀) နာရီက ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ကျင်းပခဲ့သည်။
ဆွေးနွေးပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဌေးအောင်က လုပ်ငန်းညှိနှိုင်းဆွေးနွေး ခြင်းဆိုင်ရာများနှင့် စပ်လျဉ်း၍ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးလွင်က မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီအဖွဲ့မှ ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ လုပ်ငန်းများနှင့် စပ်လျဉ်း၍ အငြင်းပွားမှု/ပြဿနာ တစ်စုံတစ်ရာ ပေါ်ပေါက်လာပါက အချိန်တိုအတွင်း ညှိနှိုင်းဆောင်ရွက်ဖြေရှင်းနိုင်ရန်အတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ချမှတ်ထားသည့် လုပ်ငန်း တာဝန်များနှင့် ပတ်သက်၍လည်းကောင်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးအောင်မြတ်ထွေးက ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပရာတွင် Covid-19 ကူးစက်ဖြစ်ပွားမှု မရှိစေရေးအတွက် ဦးစားပေး ဆောင်ရွက်သွားမည်ဖြစ်ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အနေဖြင့် ရောဂါကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများနှင့်အညီ အောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် အထွေထွေရွေးကောက်ပွဲ ကော်မရှင်အား လိုအပ်သည့် အကြံပြုချက်များပေးခြင်း၊ ရောဂါကာကွယ်ရေး လုပ်ငန်းများအား ကြီးကြပ်ဆောင်ရွက်ခြင်း၊ စေတနာ့ဝန်ထမ်း၊ ကျန်းမာရေးဝန်ထမ်းများနှင့် မဲရုံတာဝန်ကျ ဝန်ထမ်းများအား သင်တန်းပေးလေ့ကျင့်ခြင်း၊ ပြည်သူလူထုအား ကျန်းမာရေး အသိပညာပေးခြင်းနှင့် ရောဂါကာကွယ်ထိန်းချုပ် လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်သဖြင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ စေတနာ့ ဝန်ထမ်းများ၊ မဲရုံတာဝန်ကျဝန်ထမ်းများမှ ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန်ပြောကြားခြင်း၊ ယင်းနောက် မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီအဖွဲ့ဝင်များနှင့် တက်ရောက်လာသော နိုင်ငံရေး ပါတီများမှ တာဝန်ရှိသူများက အပြန်အလှန် မိတ်ဆက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
နိုင်လင်း(လှည်းကူး)