သာစည်မြို့နယ်တွင် ပြည်သူများသိရှိလိုက်နာရန် ထုတ်ပြန်ချက်များလိုက်နာမှုရှိစေရေး စစ်ဆေးကြပ်မတ်ဆောင်ရွက်

သာစည်၊ စက်တင်ဘာ ၁၁

သာစည်မြို့နယ်တွင် ကိုဗစ် -၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းများ လျင်မြန်ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် ပြည်သူများသိရှိလိုက်နာရန် ထုတ်ပြန်ချက်များလိုက်နာမှုရှိစေရေး တာဝန်ရှိသူများက ယမန် နေ့ မွန်းလွဲပိုင်းက စစ်ဆေးကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စစ်ဆေးကြပ်မတ်ဆောင်ရွက်ရာတွင် မြို့နယ် ကိုဗစ်-၁၉  ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ စက်တင်ဘာ ၈ ရက်နေ့က  ထုတ်ပြန်ခဲ့သော ပြည်သူများသိရှိလိုက်နာရမည့်အချက်များပါ သာစည်မြို့အခြေပြုပြေးဆွဲလျက်ရှိသော ခရီးသည်ယာဉ်လိုင်းများအားလုံး  ရပ်နားသွားရန်၊   မြို့နယ်အတွင်း မရှိမဖြစ်လိုအပ်သော စားသောက်ကုန်ရောင်းချသည့်လုပ်ငန်းများ၊  စားသောက်ကုန်ထုတ်လုပ်သည့်လုပ်ငန်းများ၊ ဆေးဝါးပစ္စည်း အရောင်းဆိုင်များ၊ ပုဂ္ဂလိကဆေးရုံများ၊စက်သုံးဆီဆိုင်များ၊ ဘဏ်များ အစရှိသည့် လုပ်ငန်းများမှအပ ကျန်လုပ်ငန်းများ အားလုံးဖွင့်လှစ်ခြင်းမပြုရန်၊ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များ အားလုံးဆိုင်ထိုင်စနစ်ဖြင့် ရောင်းချခြင်းမရှိစေပဲ ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန်၊ ပြည်သူများအနေဖြင့် မလိုအပ်ပဲနေအိမ်ပြင်ပသို့ ထွက် ခွာခြင်းမပြုကြရန်၊ နေအိမ်ပြင်ပထွက်ခွာတိုင်း နှာခေါင်းစည်းစနစ်တကျလုံခြုံစွာ တပ်ဆင်သွားရန်နှင့် တစ်ဦးနှင့်တစ်ဦး  Social Distancing အတိုင်း လိုက်နာနေထိုင်ကြရန် လိုက်နာမှုရှိစေရေးလှည့်လည်စစ်ဆေးကြပ်မတ်ခြင်းဖြစ်ကြောင်းသိရသည်။ စစ်ဆေးကြပ်မတ်ခြင်းကို မြို့နယ် ကိုဗစ်-၁၉  ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီတို့က အရှိန်အဟုန်ဖြင့် နေ့စဉ်စစ်ဆေးကြပ်မတ် ဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။       

ထွန်းထွန်း