ပူတာအို ဇူလိုင် ၃၀
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်ရ၀မ်စာပေနှင့် ယဉ်ကျေးမှုအသင်းကကြီးမှူး၍ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ပူတာအိုမြို့နယ်အတွင်းရှိ စာစစ်ဌာနနှစ်ခုမှ တက္ကသိုလ်၀င်တန်းစာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ နံနက် (၁၀) နာရီက ပူတာအိုမြို့ ဒုတ္ထန်ရပ်ကွက်ရှိ ရ၀မ်အမျိုးသားဥယျာဉ် ခါကာဘိုရာဇီခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် သဘာပတိအဖြစ် ဆရာအဝိ၀မ်ယောဆက်၊ သိက္ခာတော်ရ တန်နွဲရင်ထန်၊ သိက္ခာတော်ရ ချန်တန်ဖုန်၊ ဆရာအတန်ဖုန်ဗေး၊ ဆရာဒိန်ခန်ဒီးရှင်းတို့က ဆောင်ရွက်ခဲ့ကြပြီး ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခေါင်လန်ဒီးက ဂုဏ်ပြုအမှာစကားပြောကြားသည်။ ဆက်လက်၍ မြို့နယ် ရဝမ်စာပေနှင့် ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ ဦးမဖန်းဆင်ဆုန်းက ကြိုဆိုနူတ်ခွန်းဆက်စကားပြောကြားပြီး မြန်မာနိုင်ငံ ရ၀မ်စာပေနှင့်ယဉ်ကျေးမှု အသင်းဥက္ကဋ္ဌ ဦးထုံဖူးဒဂုဏ်က စာပေနှင့်ယဉ်ကျေးမှုအသင်း ရပ်တည်ချက်နှင့် ခံယူချက်များ၊ ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ပူတာအိုမြို့ လေယာဉ်ကွင်းရပ်ကွက်ရှိ ရ၀မ်နှစ်ခြင်းကျမ်းစာ ကျောင်းဆရာ/ မများနှင့် ကျောင်းသူ၊ ကျောင်းသားများက တက္ကသိုလ်၀င်တန်းအောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူ များအား ဂုဏ်ပြုသီချင်းဖြင့် သီဆိုဂုဏ်ပြုခဲ့ကြပြီး ရ၀မ်နှစ်ခြင်းအသင်းတော်မှ သိက္ခာတော် ရဆရာတော် တန်နွဲရင်ထန်က ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဒေသနာတော်အားဖြင့် ဂုဏ်ပြုအားပေးစကားပြောကြားသည်။ ယင်းနောက် တာ၀န်ရှိသူများက ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် သုံးဘာသာဂုဏ်ထူးရှင်များ၊ နှစ်ဘာသာဂုဏ်ထူးရှင်များ၊ တစ်ဘာသာ ဂုဏ်ထူးရှင်များနှင့် ရိုးရိုး အောင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုလက်ဆောင်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာ များကို ပေးအပ်ချီးမြှင့်ခဲ့ကြပြီး တက္ကသိုလ်၀င်တန်းအောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများ ကိုယ်စားသုံးဘာသာဂုဏ်ထူးရှင် မောင်ရန်နမ်းဖုန်ဆားရ်အောင်က ကျေးဇူးတင်စကားပြန်လည် ပြောကြားသည်။
အဆိုပါ ပူတာအိုမြို့နယ်ရ၀မ်စာပေနှင့် ယဉ်ကျေးမှုအသင်းက ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်၀င်တန်း စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် သုံးဘာသာဂုဏ်ထူးရှင် သုံးဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် လေးဦး၊ တစ်ဘာသာဂုဏ်ထူးရှင် (၂၆) ဦးနှင့် ရိုးရိုးအောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူ (၇၉) ဦး၊ စုစုပေါင်း (၁၁၂) ဦးတို့ကို ဂုဏ်ပြုချီး မြှင့်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
ဖုန်ကန်(ပူတာအို)