မိုင်းယောင်း၌ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ အစည်းအဝေးကျင်းပ

မိုင်းယောင်း ဇူလိုင် ၃၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၌ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန့်နေ့ညနေ ၃ နာရီက ဗလမင်းထင်ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်က ခရိုင်အဆင့် (၂၃)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း အမှာစကား ပြောကြားပြီး ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများက မိမိတို့၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေကို သက်ဆိုင်ရာဌာနအလိုက် ရှင်းလင်းတင်ပြကြသည်။

ထို့နောက် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်က အဆို၊ အက၊ အတီးပြိုင်ပွဲသို့ ပါဝင်ယှဉ်ပြိုင်ကြမည့် အခြေအနေအား ရှင်းလင်းတင်ပြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးသက်ဆွေနှင့် အဖွဲ့ဝင်များက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးလုပ်ငန်းတွင် ကျန်ရှိမှု မရှိစေရေး၊ ပုံစံ ၆၆/၆ (အိမ်ထောင်စုလူဦးရေစာရင်း) များ Software Program ဖြင့် Server အတွင်း ထည့်သွင်းဆောင်ရွက်နေမှုနှင့် မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း