မိုးနဲမြို့နယ်၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ဘိန်းအစားထိုးလုပ်ငန်းများလုပ်ကိုင်ရန် ဒေသကြက်များ ဖြန့်ဖြူးပေးအပ်

မိုးနဲ   ဇူလိုင်   ၃၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် အသက်မွေး ဝမ်းကျောင်းအထောက်အကူပြု ဘိန်းအစားထိုးလုပ်ငန်းများလုပ်ကိုင်ရန် ဒေသကြက်များ ဖြန့်ဖြူးပေးအပ်ပွဲကို ကုန်းလွန်း ကျေးရွာအုပ်စု ၊လွိုင်ယုကာကျေးရွာ အုပ်ချုပ်ရေးမှူး နေအိမ်နေရာ၌ ယနေ့နံနက် ၉ နာရီအချိန်ကပေးအပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်က မွေးမြူရေးလုပ်ငန်းအတွက် ဒေသကြက်များ ပေးအပ်ထောက်ပံ့ရခြင်းနှင့် စပ်လျဉ်း၍ အဖွင့်အမှာစကားပြောကြားပြီး လင်းခေးခရိုင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာစိုင်းမြကြွယ်က ဒေသကြက် များပေးအပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှမ်းတိုင်းရင်းသားဘာသာဖြင့်လည်းကောင်း၊ မိုးနဲမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာ ခိုင်မြဲစည်သူက ဒေသကြက်များ မွေးမြူရမည့်နည်းလမ်းများနှင့် ရရှိမည့်အကျိုးကျေးဇူးများကိုလည်းကောင်း အသီးသီး ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

ထို့နောက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် (၇ ဒသမ ၅)သိန်း ဖြင့် ကြက်ကောင်ရေ ၁၀၀ ကောင်ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူ များက ကျေးရွာနေ အိမ်ထောင်စု (၁၀)စုအတွက် အိမ်ထောင်စုတစ်စုလျှင် ကြက်ကောင်ရေ ၁၀ ကောင်နှုန်းဖြင့်ပေးအပ်ထောက်ပံ့ခဲ့ကြောင်း မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။

ဝိုးတောင်း