မိုးညှင်းမြို့နယ် ညောင်ကုန်းကျေးရွာ၌ ဆီထွက်သီးနှံ (နေကြာ) စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနိုင်ရေး အသိပညာပေးဟောပြောခြင်းနှင့် ဟင်းသီးဟင်းရွက် သီးနှံမျိုးစေ့များထောက်ပံ့

မိုးညှင်း   ဇူလိုင်   ၃၀

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ် ညောင်ကုန်းကျေးရွာအုပ်စု ညောင်ကုန်းကျေးရွာတွင် ဆီထွက်သီးနှံ(နေကြာ)စိုက်ပျိုး အောင်မြင်ဖြစ်ထွန်းနိုင်ရေး အသိပညာပေးဟောပြောခြင်းနှင့် ဟင်းသီးဟင်းရွက် သီးနှံမျိုးစေ့များ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက် (၉) နာရီခွဲက ညောင်ကုန်း ကျောင်းတိုက်ဓမ္မာရုံ၌ ကျင်းပသည်။

အဆိုပါ ကျင်းပရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီလွင်က ဆီထွက်သီးနှံဖြစ်သည့် နေကြာသီးနှံ စိုက်ပျိုးအောင်မြင် ဖြစ်ထွန်းနိုင်စေရေးနှင့်ပတ်သက်၍ အမှာစကားပြောကြားပြီး ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦးကျော်မိုးထွန်းက ဆီထွက်သီးနှံ (နေကြာ) စိုက်ပျိုး ထုတ်လုပ်မှုနည်းပညာများ၊ စိုက်ပျိုးရေးနည်းစနစ်ကောင်းများနှင့် နေကြာသီးနှံ မျိုးကောင်းမျိုးသန့်များ အသုံးပြု‌ စိုက်ပျိုးနိုင်ရေးတို့အတွက် ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက ဆီထွက်သီးနှံ နေကြာမျိုးကောင်းမျိုးသန့်များ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနိုင်ရေးနှင့် ပတ်သက်၍ သက်ဆိုင်ရာလုပ်ငန်းကဏ္ဍာများအလိုက် အသီးသီးဆွေးနွေးပြောကြားကြပြီး တောင်သူကြီးများမှ လိုအပ်ချက်များနှင့် သိရှိလိုသည်များကို ဆွေးနွေးတင်ပြကြရာ တောင်သူကြီးများ၏ ဆွေးနွေးတင်ပြချက်များအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများက ၎င်းလုပ်ငန်း အောင်မြင်ဖြစ်ထွန်းနိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းတင်ပြ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့နောက် စိုက်ပျိုးရေးဦးစီးဌာနမှ ထုတ်ဝေသော ဟင်းသီးဟင်းရွက်များဖြစ်သည့် စိုက်ပျိုးသီးနှံ အမျိုးအမည်စုစုပေါင်း (၁၄) မျိုးနှင့် အသိပညာပေးပိုစတာများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ထောက်ပံ့ပေးအပ်ရာ တောင်သူကြီးများကိုယ်စား ဦးကျော်စိုးကလက်ခံရယူပြီး စိုက်ပျိုးရေးနှင့် ပတ်သက်သည့် အသိပညာပေး လက်ကမ်းစာစောင်များကို တောင်သူကြီးများ လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ဇွဲသူရအောင်(ပြန်/ဆက်)