မိုင်းယောင်း၌ စာရင်းအင်းကိန်းဂဏန်းများ မှန်ကန်မြန်ဆန်စေရေး လုပ်ငန်းညှိနှိုင်း အစည်းဝေးပြုလုပ်

မိုင်းယောင်း ဇူလိုင် ၃၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ယမန်နေ့က လုပ်ငန်းများ၊ စာရင်းအင်းကိန်း ဂဏန်းများ မှန်ကန်မြန်ဆန်စေရေးအတွက် ဌာနတွင်း လုပ်ငန်းညှိနှိုင်းအစည်းဝေး ပြုလုပ်ကြောင်း သိရသည်။

လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနိုင်မင်းက လယ်ယာကဏ္ဍဆိုင်ရာနှင့် မြေအသုံးချမှုဆိုင်ရာ စာရင်းအင်းအချက်အလက်များအား ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ မှန်ကန်စွာကောက်ယူ ပြုစုထုတ်ပြန်ခြင်း၊ လယ်ယာကဏ္ဍ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုအတွက် လယ်ယာကဏ္ဍနှင့် မြေအသုံးချမှုဆိုင်ရာ စာရင်းအင်း အချက်အလက်များ ထောက်ပံ့ပေးရေး၊ မြေအသုံးချမှုဆိုင်ရာ အချက်အလက်များအား အခြေခံ၍ ခိုင်မာသောသတင်းအချက်အလက်စနစ် ထူထောင်ရေး၊ ခိုင်မာမှန်ကန်သည့်  လယ်ယာကဏ္ဍဆိုင်ရာ စာရင်းအင်းသတင်းအချက်အလက်စနစ် ထူထောင်ရေး စသည့်ဦးစီးဌာန၏ လုပ်ငန်းတာဝန်များ၊ မူဝါဒ၊ မျော်မှန်းချက်၊ ရည်မှန်းချက်နှင့်အညီ လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း အမှာစကား ပြောကြားသည်။

ထို့နောက် ဝန်ထမ်းများက မိမိတို့ တာဝန်ယူဆောင်ရွက်နေရသည့် သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့် လက်တွေ့မြေပြင်တွင် ကြုံတွေ့နေရသော အခက်အခဲများကို ရှင်းလင်းတင်ပြကြပြီး ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် မြို့နယ်ဦးစီးမှူးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း