ဟိုပုံး ဇူလိုင် ၃၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့တွင် ယာဉ်အန္တရာယ်ကင်းရှင်းစွာ မောင်းနှင်သွားလာနိုင်ရေး၊ မူးယစ်ဆေးဝါးအန္တရာယ်နှင့် ပလတ်စတစ်အန္တရာယ် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း(အ.ထ.က-၂)တွင် ပြုလုပ်ခဲ့သည်။
အဆိုပါအသိပညာပေးဟောပြောပွဲတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးတင်ထူးမောင်က ကျောင်းသား၊ ကျောင်းသူများအား မော်တော်ဆိုင်ကယ်များ မောင်းနှင်ရာတွင် ဆိုင်ကယ်စီးဦးထုပ်များဆောင်ကြရန်၊ နှစ်ဦးထက်ပိုမစီးရန်၊ မော်တော်ယာဉ် မောင်းနှင်သူများ၊ စီးနင်းသူများခါးပတ်ပတ်ရန်၊ ယာဉ်များအသုံးပြုရာတွင် ပေါ့ဆစွာ အသုံးပြုခြင်း ကြောင့် စက္ကန့်ပိုင်းအတွင်း ဆုံးရှုံးသွားနိုင်သော အသက်အန္တရာယ်များ၊ လမ်းအသုံးပြုခြင်းနှင့် ပတ်သက်၍ လိုက်နာသင့်သည့်အချက်များစသည့် ယာဉ်အန္တရာယ်ကင်းရှင်းစွာ မောင်းနှင်သွားလာနိုင်ရေး အသိပညာပေးခြင်းကိုလည်းကောင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ ဆိုးကျိုးများနှင့် နောက်ဆက်တွဲ အန္တရာယ်များ၊ မူးယစ်ဆေးဝါးကြောင့် ပျက်စီးဆုံးရှုံးသွားသောဘဝများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ဘေးထွက်ဆိုးကျိုးများနှင့် လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး ထိခိုက်နစ်နာမှု များနှင့် ပလတ်စတစ်အမှိုက်များကို စနစ်တကျစွန့်ပစ်ပုံ၊ စွန့်ပစ်ပလတ်စတစ်များကို ပြန်လည် အသုံးပြုချနိုင်သည့် နည်းလမ်းများ၊ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ခြင်းကြောင့် ခံစားရမည့် နောက်ဆက်တွဲ ဆိုးကျိုးများ၊ ပလတ်စတစ်စွန့်ပစ်မှုကြောင့် သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုနှင့် ထိခိုက်နစ်နာမှုများကို တကျယ်တဝင့်ဆွေးနွေးပြီး မိမိတို့နေထိုင်ရာပတ်ဝန်းကျင်နှင့် မြို့ရွာသန့်ရှင်းသာယာလှပစေရန် လူတိုင်းလိုက်နာဆောင်ရွက်သင့်သည်များကို ရှင်းလင်းဆွေးနွေးပြီးနောက် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းရာ ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။ အဆိုပါ ဟောပြောပွဲသို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း(အ.ထ.က-၂)မှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။
နေမင်းထွန်း(ပအိုဝ်းဒေသ)