မိုးမိတ် စက်တင်ဘာ ၁၁
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် မိုးမိတ်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး ကော်မတီဝင်များအား ယမန်နေ့ မွန်းလွဲ(၃)နာရီခန့်က မိုးမိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံခဲ့သည်။
တွေ့ဆုံပွဲတွင် မိုးမိတ်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဒေါ်မြမြက ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ မဲဆန္ဒရှင်စာရင်းများ ပြုစုထားရှိမှု အခြေအနေများ မြို့နယ် ကြက်ခြေနီအသင်း ဥက္ကဋ္ဌ ဦးအောင်ထွန်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး လုပ်ငန်းများတွင် မြို့နယ် ကြက်ခြေနီ အသင်း၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ၊ မိုးမိတ်ခရိုင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး ကော်မတီ ဥက္ကဋ္ဌ ဦးလှိုင်ထွန်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းများ ဆောက်ရွက်နေမှု အခြေအနေများကိုလည်းကောင်း တင်ပြကြသည်။
ရှမ်းပြည်နယ် အစိုးရအဖွဲ့က မိုးမိတ်မြို့နယ် ကြက်ခြေနီ အသင်းသို့ ငွေကျပ် ၁၀ သိန်း ၊ မိုးမိတ်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး ကော်မတီသို့ ငွေကျပ် ၁၀ သိန်း Mask ၂၅၀၀ ခု Glove ၄ ဘူး ပေးအပ်လှူဒါန်းရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးက လက်ခံ ရယူသည်။ ဆက်လက်ပြီး ရှမ်းပြည်နယ် ဝန်ကြီးချုပ်က ကိုဗစ်-၁၉ ကပ်ရောဂါဆိုးကြီးကို တစ်ကမ္ဘာလုံး ရင်ဆိုင်နေကြရပါကြောင်း၊ ကိုဗစ်ကာလ အတွင်း ပြည်သူများအနေဖြင့် အပြင်ထွက် လျှင် Mask ကို မဖြစ်မနေတပ်ဆင်ပါရန်၊ လက်ကို မကြာခဏ ဆေးရန်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတ်မှတ်ထားသော စည်ကမ်းချက်များကို လိုက်နာပြီး တတ်နိုင်သမျှ လူစုလူဝေးရှိရာကိုမသွားရန်၊ လူစုလူဝေး မဖြစ်အောင်ရှောင်ရှားရန်၊ အနာဂတ် နိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အလွှာအသီးသီးမှ ပုဂ္ဂိုလ်များ ၊စေတနာရှင်များ ၊ မိဘပြည်သူများက ပူးပေါင်းကာကွယ် သွားကြရမည်ဖြစ်ကြောင်း နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။
စည်သူဌေး( မိုးမိတ်)