မြင်းခြံမြို့အတွင်းရှိ အနှေးယာဉ်လုပ်သား (၁၅၀) ဦးအား ဆန်တစ်ပြည်စီ ထောက်ပံ့

မြင်းခြံ၊ စက်တင်ဘာ ၁၁

မြင်းခြံမြို့အတွင်းရှိ အနှေးယာဉ်(ဆိုက်ကား၊ ဘေးတွဲ) လုပ်သားများအား ဦးကျော်ဝင်း+ဒေါ်သန်းသန်းဌေး မိသားစုက ဆန်များထောက်ပံ့လှူဒါန်းခြင်းကို Corona Save Together(CST) ပရဟိတအဖွဲ့မှကူညီပြီး ယမန်နေ့ နေ့လယ် ၂ နာရီ အချိန်က စတင်ပေးဝေလှူဒါန်းခဲ့ကြောင်း သိရသည်။

မြင်းခြံမြို့ ဦးကျော်ဝင်း+ဒေါ်သန်းသန်းဌေး မိသားစုမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကာလတွင် အနှေးယာဉ်(ဆိုက်ကား၊ ဘေးတွဲ) လုပ်သားများအတွက် စားဝတ်နေရေးအဆင်ပြေစေရန်အတွက် အနှေး ယာဉ်(ဆိုက်ကား၊ ဘေးတွဲ) လုပ်သားတစ်ဦးလျှင် ဆန်တစ်ပြည်နှင့် နှာခေါင်းစည်း Mask တစ်ခုစီအား Corona Save Together(CST) ပရဟိတအဖွဲ့မှ ကူညီပေးဝေးခဲ့သည်။ Corona Save Together (CST) ပရဟိတအဖွဲ့သည် မြင်းခြံမြို့အတွင်း နေထိုင်သူများ အိမ်အပြင်မထွက်စေဘဲ ဈေးများတွင် လူစုလူဝေးဖြစ်ပွားမှုကို လျော့ချစေရန် ရည်ရွယ်၍ ဈေးဝယ်ခြင်းအထောက်အကူပြုစေရန်အတွက် ဝန်ဆောင်မှု အခမဲ့ဖြင့် ပြည်သူများမှာယူသည့်ပစ္စည်းများကိုလည်း အိမ်အရောက်လိုက်လံပို့ဆောင်ပေးလျက်ရှိကြောင်း သိရှိရသည်။

ကျော်စွာ(မြင်းခြံ)