ကိုဗစ် - ၁၉ စီးပွားရေးကုစားမှု (CERP) အစီအစဉ်အရ ပြင်ဦးလွင်မြို့နယ်အတွင်းရှိ မိုးစပါးမျိုးစေ့ထုတ်လုပ်ငန်းများအတွက် ထောက်ပံ့ငွေပေးအပ်

ပြင်ဦးလွင်၊ စက်တင်ဘာ ၁၁

ပြင်ဦးလွင်မြို့နယ်  စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးအစည်းအဝေးခန်းမတွင် ကိုဗစ် - ၁၉ စီးပွားရေး ကုစားမှု (CERP) အစီအစဉ်အရ ပြင်ဦးလွင်မြို့နယ်အတွင်းရှိ မိုးစပါးမျိုးစေ့ထုတ်လုပ်ငန်းများအတွက်ထောက် ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့ညနေ ၂ နာရီက စတင်ပေးအပ်ခဲ့ကြောင်း သိရသည်။

ထောက်ပံ့ငွေပေးအပ်ရာတွင် ကိုဗစ် - ၁၉ ကြောင့် ဖြစ်ပွားသည့် စီးပွားရေးအကျပ်အတည်းများမှ အမြန်ဆုံး ရုန်းထွက်နိုင်ရေးအတွက် ကာလတိုစီမံချက်ဖြစ်သည့် "ကိုဗစ် - ၁၉ စီးပွားရေးကုစားမှု"(CERP) အရ တစ်နိုင်ငံလုံး၌ မိုးစပါးမျိုးစေ့ထုတ် ဧကများစွာ စိုက်ပျိုးထုတ်လုပ်သွားမည်ဖြစ်ရာ ပြင်ဦးလွင်မြို့နယ်အတွင်း၌ အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိသော မိုးစပါးမျိုးစေ့ထုတ် ဧကစုစုပေါင်း (၅၁) ဧကအတွက် ပထမအကြိမ် (၄၂၅၈၅၀၀)အား ဩဂုတ် ၂၄ ရက်နေ့တွင်ပေးအပ်ခဲ့ပြီး ယခုဒုတိယကြိမ် ထောက်ပံ့ပေးအပ်ခြင်းဖြစ်ပြီး  ကျပ်သိန်း (၃၃၁၅၀၀၀) တိတိအား မျိုးစေ့ထုတ်တောင်သူများလက်ဝယ်သို့ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း မြို့ နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးအောင်စိုးဦးထံမှသိရသည်။

ထိုသို့ ထောက်ပံ့ငွေပေးအပ်ရာတွင် ဝက်ဝံဈေးကုန်းကျေးရွာ၊ မြိုင်ကြီး၊ ညောင်ပင်သာ၊ ညောင်သာယာ၊ ကျွန်းတပင်၊ အောင်ချမ်းသာနှင့် မြိုင်ကြီးကျေးရွာတို့မှတောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြတ်ဆုမွန်