ဆွမ်ပရာဘွမ်မြို့ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပ

ဆွမ်ပရာဘွမ် ဇူလိုင် ၂၉

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ် စာပေ ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်းပြီး စာဖတ်ဝိုင်းနှင့် ကဗျာရွတ်ဆို ပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲက ဆွမ်ပရာဘွမ်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ ကျင်းပကြောင်း သိရသည်။                      

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ဂျေအားနာက ကျောင်းသား၊ ကျောင်းသူများ စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိပြီး အသိပညာ ဗဟုသုတရရှိစေရန်၊ အမှားအမှန် ဝေဖန်ပိုင်းခြားတတ်စေရန်၊ အချင်းချင်းရင်းနှီးမှုရှိစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပ ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် စာဖတ်ဝိုင်းတွင် စာရေးဆရာ လင်းသက်ခိုင်ရေးသားသော "သားတို့သမီးတို့ ကျန်းမာ သန့်ရှင်းရောဂါ ကင်း" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကဗျာရွတ်ဆိုပြိုင်ပွဲတွင် "အောင်ဆန်း ဇာနည်" ခေါင်းစဉ်ဖြင့် လည်းကောင်း ယှဉ်ပြိုင်ကြကာ ပထမ၊ ဒုတိယ၊ တတိယရရှိသူ ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်၊ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်အေးအေးကျော့နှင့် အခြေခံပညာ မူလတန်း ကျောင်းအုပ် ဒေါ်စိန်ညိုတို့က ဆုများကို အသီးသီးချီးမြှင့်ပေးပြီး ခင်းကျင်းပြသထားသော စာအုပ်စာစောင်များ ကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြောင်း သိရသည်။

ဟင်နရီမီးကိုဆာ(ဆွမ်ပရာဘွမ်)