ပြင်ဦးလွင် ဇူလိုင် ၂၉
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် “မီဒီယာနှင့်သတင်းအချက်အလက် သိနားလည်မှု” (Media and Information Literacy) စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြင်ဦးလွင်ခရိုင်ရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ငုချိုချိုကျော် ဝန်ထမ်းများ စာဖတ်ဝိုင်းပြုလုပ်၍ ဆွေးနွေးခြင်းဖြင့် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေခြင်း၊ ရင်းနှီးပွင့်လင်းစွာဖြင့် အမြင်ချင်း ဖလှယ်နိုင်ခြင်း၊ အတွေးအခေါ်နှင့် အသိအမြင်များ တိုးပွားလာစေခြင်း၊ ဌာန၏ လုပ်ငန်းတာဝန်များ ထမ်းဆောင်ရာတွင် စွမ်းဆောင်ရည်မြင့်လာစေခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက မီဒီယာနှင့်သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှုမြှင့်တင်ပေးရန် ရည်ရွယ်ထုတ်ဝေထားသည့် “မီဒီယာနှင့်သတင်းအချက်အလက်သိနားလည်မှု” (Media and Information Literacy) စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ငုချိုချိုကျော်က မီဒီယာဆိုင်ရာသိနားလည်မှုအကြောင်း၊ မီဒီယာဆိုင်ရာသိနားလည်မှု အခြေခံများ၊ မီဒီယာဆိုင်ရာသိနားလည်မှု၏ အရေးကြီးပုံအကြောင်းများကို ဖတ်ကြားဆွေးနွေးခဲ့ပြီး ဦးစီးအရာရှိ ဒေါ်ယမင်းလှိုင်က သတင်းတစ်ပုဒ်အား ခွဲခြမ်းစိတ်ဖြာခြင်း၊ မိုဘိုင်း သတင်းအချက် အလက်ဆိုင်ရာ သိနားလည်မှုနှင့် ဒီဂျစ်တယ်ဆိုင်ရာသိနားလည်မှု အကြောင်းများကို ဆွေးနွေး ဖတ်ကြားကြပြီး စာဖတ်ဝိုင်းသို့ တက်ရောက်လာသူ ဝန်ထမ်းများက သိလိုသည်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဖြူလူသစ်