တာမွေမြို့နယ်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် မြန်မာ့ရိုးရာ စကားပုံဆက်ပြိုင်ပွဲ ကျင်းပ

တာမွေ ဇူလိုင် ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်အတွင်းရှိ ကျောင်းသား လူငယ်လူရွယ်လေးများ၏ ကာယ၊ ဉာဏ၊ စာရိတ္တများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ မြန်မာ့ရိုးရာ စကားပုံများအကြောင်းကို ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး မြန်မာ့စာပေနှင့် မြန်မာ့ယဉ်ကျေးမှုတို့ကို ချစ်မြတ်နိုး၍ ထာဝစဉ်ထိန်းသိမ်းကာကွယ် စောင့်ရှောက် တတ်စေရန်နှင့် ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်လိုစိတ်များ ဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ ယမန်နေ့ နံနက်ပိုင်းအချိန်က တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စီစဉ်ကျင်းပသော “မြန်မာ့ရိုးရာ စကားပုံဆက် ပြိုင်ပွဲ” ကို တာမွေမြို့နယ် အဝေရာလမ်းရှိ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ  ဒေါ်မို့မို့အောင်က “မြန်မာ့ရိုးရာ စကားပုံဆက်ပြိုင်ပွဲ” ကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး ပြိုင်ပွဲနှင့်ပတ်သက်သည့် အမှတ်ပေးစည်းမျဉ်းများကို ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် ပြိုင်ပွဲကို ဆက်လက်ကျင်းပရာ မြို့နယ်အတွင်းရှိ ကျောင်းသား/သူ၊ လူငယ်လူရွယ်လေးများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲများတွင် ဆုရရှိသူများအား တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ခဲ့ကြသည်။ ဆက်လက်၍ “မြန်မာ့ရိုးရာ စကားပုံဆက် ပြိုင်ပွဲ” တွင် ပထမဆုရရှိသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး ပြိုင်ပွဲတွင် ဆုရရှိသူများနှင့်အတူ အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရသည်။

နိုင်လင်းအောင်(တာမွေ)