မိတ္ထီလာ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ပိုမိုထိရောက်အောင်မြင်စွာဆောင်ရွက်နိုင် ရေးလိုက်နာရမည့်စည်းကမ်းချက်များထုတ်ပြန်ကြေညာ

မိတ္ထီလာ၊ စက်တင်ဘာ ၁၁

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက စက်တင်ဘာလ ၉ ရက်နေ့အတွက် ထုတ်ပြန်ခဲ့သော ကိုဗစ် ၁၉ ရောဂါပိုးတွေ့လူနာစာရင်းတွင် မိတ္ထီလာမြို့နယ်ရှိ Quarantine Centre နှစ်ခုတွင် Quarantine ဝင်ရောက်နေသူ ၄ ဦးပါဝင်ကြောင်းသိရှိပြီးနောက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ပိုမိုထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် လိုက်နာရမည့်စည်းကမ်းချက်များကို မြို့နယ် ကိုဗစ် ၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။

အဆိုပါထုတ်ပြန်ကြေညာချက်တွင် ပါဝင်သောစည်းကမ်းချက်များမှာ မိတ္ထီလာမြို့နယ်အခြေပြု‌ပြေးဆွဲလျက် ရှိသော ယာဉ်လိုင်းများအားလုံး စက်တင်ဘာလ ၁ဝ ရက်နေ့မှစ၍ ရပ်နားထားရန်၊ မြို့နယ်အတွင်း မရှိမဖြစ်သော စားသောက်ကုန်ရောင်းချသည့်လုပ်ငန်းများ၊ စားသောက်ကုန်ထုတ်လုပ်သည့်လုပ်ငန်းများ၊ဆေးဝါးပစ္စည်းအရောင်းဆိုင်များ၊ ပုဂ္ဂလိကဆေးရုံဆေးခန်းများ၊ စက်သုံးဆီအရောင်းဆိုင်များ၊ ဘဏ်များ စသည့် လုပ်ငန်းများမှအပ ကျန်လုပ်ငန်းများအားလုံး စက်တင်ဘာလ ၁ဝ ရက်နေ့နံနက် ၄ နာရီအချိန်ကစ၍ ဖွင့်လှစ်ခြင်းမပြုရန်၊  မြို့နယ်အတွင်းရှိ စားသောက်ဆိုင်များ၊ လက်ဘက်ရည်ဆိုင်များ ဆိုင်ထိုင်စနစ်ဖြင့်မရောင်းချဘဲ ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန်၊ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများမလိုအပ်ဘဲ နေအိမ်ပြင်ပသို့ထွက်ခွာခြင်းမပြုရန်၊ အိမ်အပြင်ထွက်တိုင်း နှာခေါင်းစည်း Mask ကို စနစ်တကျလုံခြုံစွာတပ်ဆင်ကြရန်နှင့် လူတစ်ဦးနှင့်တစ်ဦး Social Distancing အတိုင်း လိုက်နာနေထိုင်ကြရန်တို့ ဖြစ်သည်။

အဆိုပါတားမြစ်ထုတ်ပြန်ကြေညာချက်များကို လိုက်နာဆောင်ရွက်ခြင်းမရှိဘဲ ဖောက်ဖျက်ကျူးလွန်ပါကတည်ဆဲ ဥပဒေများနှင့်အညီ ထိရောက်စွာအရေးယူသွားမည်ဖြစ်ပြီး မြို့နယ်အတွင်း ကျယ်ကျယ်ပြန့်ပြန့်သိရှိလိုက်နာ စေရေးအတွက် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် သက်ဆိုင်ရာရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်မှူးရေးများက ဆောင်ရွက်လျက် ရှိသည်။

အဆိုပါ ကိုဗစ် ၁၉ ပိုးတွေ့လူနာ ၄ ဦးမှာ အောင်ဇေယျာအထက(ခွဲ) Quarantine Centre  မှ အမျိုးသားတစ်ဦး (၃၃ နှစ်)၊ အမျိုးသမီးတစ်ဦး(၃ဝ)နှစ် ၊ ကလေး(မ) (၆) နှစ်တစ်ဦးနှင့် ရေဝေ(အထက) Quarantine Centre  မှ  အမျိုးသား တစ်ဦး (၅၂နှစ်) တစ်ဦးတို့ ဖြစ်သည်။ ၎င်းလူနာ ၄ ဦးအား စက်တင်ဘာလ ၉ ရက်နေ့ည၌ သက်ဆိုင်ရာ Quarantine Centre များမှ မိတ္ထီလာခရိုင်ပြည်သူ့ဆေးရုံသို့ တာဝန်ရှိသူများ၊  ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များနှင့် ဒေသခံပရဟိတလူမှုရေးအသင်းအဖွဲ့များ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့်ပို့ဆောင်ထားရှိခဲ့ပြီး ၄င်းတို့နှင့်ဆက်စပ်ထိတွေ့သူများ ရှိ/မရှိ ဖြစ်စဉ်များကို တာဝန်ရှိသူများက ဆက်လက်စစ်ဆေးဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

ချမ်းသာ ( ပြန်/ဆက်)