ချင်းရွှေဟော် ဇူလိုင်၂၉
ရှမ်းပြည်နယ် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ချင်းရွှေဟော်မြို့တွင် အမှတ်(၂) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ်၊ ချင်းရွှေဟော်မှ ရပ်ရွာအခြေပြု လူကုန်ကူးမှု စိစစ် ဖော်ထုတ်ခြင်း ရက်တိုသင်တန်းကို ယမန်နေ့နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
သင်တန်းတွင် ရှေ့ဦးစွာ မြို့အုပ်ချုပ်ရေးမှူး ဦးသက်ပိုင်ဦးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး၊ အမှတ်(၂) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ်၊ ချင်းရွှေဟော်မှ ဒုတိယရဲမှူး အောင်လွင်ဦးက လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေ၊ နည်းဥပဒေများ၊ လူကုန်ကူးမှု စိစစ်ဖော်ထုတ်ရေးအဖွဲ့ ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များအား ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် အမှတ်(၂) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ်၊ ချင်းရွှေဟော်မှ ရဲအုပ် ဇော်ဝင်းမြင့်က ကလေးသူငယ်များ လူကုန်ကူးမှုကျူးလွန်ခံရခြင်း မရှိစေရေး၊ အဓမ္မခိုင်းစေခြင်း၊ လိင်အမြတ်ထုတ်ခြင်း၊ အဓမ္မပြည့်တန်ဆာပြုခြင်းများ မဖြစ်ပွားစေရေး အသိပညာပေး ဆွေးနွေးခဲ့ပြီး၊ ရဲအုပ်ဟေမာဝင်းက လူကုန်ကူးမှုအမျိုးအစားများနှင့် လူကုန်ကူးခံရသူများအတွက် ကူညီဆောင်ရွက်ရန် လုပ်ငန်းစဉ်များအား အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့သည်။
အဆိုပါသင်တန်းသို့ ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေး အဖွဲ့နှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ ရပ်ကျေးစာရေးများ တက်ရောက်ခဲ့ကြပြီး သိရှိလိုသည်များအား ပြန်လည်မေးမြန်းဆွေးနွေးခဲ့ရာ သက်ဆိုင်ရာကဏ္ဍအလိုက် သင်တန်းနည်းပြ များမှ ပြန်လည်ဖြေကြားဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
စည်သူမောင်မောင်(ပြန်/ဆက်)