မောက်မယ် ဇူလိုင် ၂၉
လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြို့နယ်အတွင်းရှိ ဒေသခံတိုင်းရင်းသား ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် အထောက်အကူ ပြုစေရေးအတွက် အပြည်ပြည်ဆိုင်ရာ (ICRC)ကျိုင်းတုံရုံးခွဲမှ (ICRC)အကြောင်းသိကောင်းစရာ ဟောပြောခြင်းနှင့် (ICRC)မှ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ပြည်သူ့ဆေးရုံတွင်အသုံးပြုရန် ဆောက်လုပ်လှူဒါန်းပေးသည့် ဓါတ်မှန်ဆောင်နှင့်သားဖွားဆောင် လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ ညနေ(၄)နာရီက မောက်မယ်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်ကအဖွင့် အမှာစကား ပြောကြားပြီး (ICRC)ကျိုင်းတုံရုံးခွဲမှတာဝန်ခံ ဒေါ်နန်းရွှေဖြူက (ICRC)လုပ်ငန်းစဉ်များ၊ ပြည်သူ့ဆေးရုံတွင်အသုံးပြုရန် ဆောက်လုပ်လှူဒါန်းပေးသည့် ဓါတ်မှန်ဆောင်၊ သားဖွားဆောင်နှင့် ပတ်သက်၍ရှင်းလင်းပြောကြားခဲ့ပြီး ဒေါ်နန်းရွှေဖြူက က မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်နှင့် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမြမြသန်းထံ အဆောက်အဦစာရွက်စာတမ်းများ လွှဲပြောင်းပေးအပ်ခဲ့သည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ (ICRC)ကျိုင်းတုံရုံးခွဲမှတာဝန်ရှိသူများ အာရ်အိုင်မြန်မာ (Relief International)မှဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီအသင်းခွဲမှ တာဝန်ရှိသူများ၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)