တောင်ကြီး ဇူလိုင်၂၉
တောင်ကြီးတက္ကသိုလ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်(၉)နာရီက တောင်ကြီးတက္ကသိုလ် ဘက်စုံခန်းမ၌ ကျင်းပသည်။
အသိပညာပေးဟောပြောပွဲတွင် ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက တောင်ကြီးတက္ကသိုလ် အနေဖြင့်ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းထိန်းသိမ်းရေးနှင့် ပတ်သက်၍ မော်တော်ဆိုင်ကယ်စီး ဦးထုပ်ဆောင်းရန်၊ နှစ်ဦးထက်ပိုမစီးရန်၊ မော်တော်ကား မောင်းနှင်သူများ၊ စီးနင်းသူများ ခါးပတ်ပတ်ရန်၊ ယာဉ်မောင်းသူတိုင်း ယာဉ်မောင်း လိုင်စင် ကိုင်ဆောင်ထားရန် လိုအပ်ပါကြောင်း ၊ ယနေ့ အခမ်းအနားတွင် “သ”လိုင်စင်ပြုလုပ်ပေးမည့် ကျောင်းသား/သူ (၈၀၆) ဦး ၊ ဆရာ/ဆရာမ ဝန်ထမ်းဦးရေ (၁၂၉) ဦး ၊ စုစုပေါင်း (၉၃၅) ဦး “သ” လိုင်စင်ပြုလုပ်ရန် တင်ပြထားပြီး တောင်ကြီး တက္ကသိုလ်တွင် မော်တော်ဆိုင်ကယ် စုစုပေါင်း (၁၅၂၀) ခန့်၊ မော်တော်ကားစုစုပေါင်း (၂၁၀) ခန့် အသုံးပြုလျက်ရှိသည်ကို သိရပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ရှမ်းပြည်နယ် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ယာဉ်မောင်း စစ်ဆေးရေးမှူး ဦးအောင်ဇင်ဝင်းမှ ယာဉ်စည်းကမ်း လမ်းစည်းကမ်းနှင့် ယာဉ်မောင်းလိုင်စင်အမျိုးအစားများ အကြောင်း၊ အမှတ် (၁၁၇) ယာဉ်ထိန်းရဲတပ်ဖွဲ့စု (တောင်ကြီး) ခေတ္တရဲတပ်ဖွဲ့မှ ရဲအုပ်ကျော်မင်းထွေးက ယာဉ် မတော်မဆမှုများတွင် အမှား/အမှန် ခွဲခြားခြင်းအား ရှင်းလင်းပြောကြားခြင်း နှင့် ယာဉ်ရဲတပ်(တောင်ကြီး)မှ တပ်ဖွဲ့ဝင်များက ယာဉ်ထိန်းရဲ လက် အချက်ပြမှုအားသရုပ်ပြခြင်း၊ အမှတ် (၁၈) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲ (ရှမ်းတောင်) ဒုတပ်ဖွဲ့ခွဲမှူး ရဲမှူး မိုးကျော်မှ ၂၀၂၀ ပြည့်နှစ် မော်တော်ယာဉ် စီမံခန့်ခွဲမှုဥပဒေအား ရှင်းလင်းပြောကြားကြောင်း သိရသည်။
မောင်မောင်သန်း (တောင်ကြီး)