မိုင်းယောင်းမြို့နယ်၌ စက်သုံးဆီစျေးနှုန်းတည်ငြိမ်စေရေး ကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

မိုင်းယောင်း ဇူလိုင် ၂၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၌ စက်သုံးဆီစျေးနှုန်း တည်ငြိမ်စေရေး ကြီးကြပ်မှုကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်းတွင် ကျင်းပကြောင်း သိရသည်။

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေက စက်သုံးဆီ၏ အခန်းကဏ္ဍသည် မည်မျှအရေးကြီးသည်ကို အားလုံးသိရှိထားပြီးဖြစ်သလို တက်ရောက်လာသည့် စက်သုံးဆီဆိုင်များမှ တာဝန်ရှိသူများ၊ စက်သုံးဆီကဏ္ဍတွင် လုပ်ကိုင်ဆောင်ရွက်နေကြသူများအားလုံးပူးပေါင်း၍ စက်သုံးဆီလုံလုံလောက်လောက် ဖြန့်ဖြူးရောင်းချနိုင်ရေးနှင့် ပြည်သူများအနေဖြင့်လည်း သင့်တင့်မျှတသည့် ဈေးနှုန်းဖြင့် ဝယ်ယူနိုင်သည့်အခြေအနေဖြစ်အောင် ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း အမှာစကားပြောကြားသည်။

ထို့နောက် စက်သုံးဆီဆိုင်များ စျေးနှုန်းတည်ငြိမ်စေရေး ကြီးကြပ်မှုကော်မတီဝင်များနှင့် တာဝန်ရှိသူများက စက်သုံးဆီ လိုအပ်ချက်အပေါ်မူတည်၍ အချိန်မီဖြန့်ဖြူးနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်သလို အခက်အခဲများရှိလာပါက မိမိတို့နှင့်အတူ    ပူးပေါင်းဖြေရှင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ စက်သုံးဆီ ပြတ်လပ်မှု မရှိစေရေး၊  ဈေးနှုန်းတည်ငြိမ်မှန်ကန်စေရေးအတွက် သက်ဆိုင်ရာများက သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ လိုက်ပါဆောင်ရွက်ကြစေလိုကြောင်း ဆွေးနွေးကြသည်။

ယင်းနောက် စက်သုံးဆီ ရောင်းချ ဖြန့်ဖြူးသူများ၊ စက်သုံးဆီဆိုင်များ၊ စက်သုံးဆီ တစ်ဆင့်ခံ ရောင်းချသူများနှင့် တက်ရောက်လာကြသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြရာ ဆွေးနွေးတင်ပြချက်များအပေါ်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးက ပြန်လည်ရှင်းလင်းဆွေးနွေးကာ လိုအပ်သည်များကို သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း