တောင်ကြီး ဇူလိုင် ၂၉
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ်(တောင်ပိုင်း) ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေများ ပေးအပ်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ် အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ယနေ့ကျင်းပသည့် အခမ်းအနားတွင် ရှမ်းပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စု/ ပြည်နယ်ခွင့်ပြုရန်ပုံငွေများဖြင့် ဆောင်ရွက်သည့် မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း(VRFP)၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP)၊ Cash For work စီမံကိန်းနှင့် ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်း လုပ်ငန်းစီမံကိန်း (RBF) များအတွက် သက်ဆိုင်ရာ စီမံကိန်းကျေးရွာများသို့ စီမံကိန်းရန်ပုံငွေများ ပေးအပ်ပွဲဖြစ်ပါကြောင်း၊ ယနေ့အခမ်းအနားတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်းရှိ ကျေးရွာများထဲမှ မြစိမ်းရောင်ကျေးရွာစီမံကိန်း (၁၅)ယူနစ်၊ ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(၂၆၃)ရွာ၊ Cash For Work စီမံကိန်း(၂၀)ရွာနှင့် ကျေးလက်စီးပွား မြင့်မားရေး ရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း စီမံကိန်း(၃)ရွာ၊ စုစုပေါင်း(၃၀၁)ရွာအတွက် ရန်ပုံငွေကျပ် (၃၃၂၀)သန်း ပေးအပ်သွားမှာဖြစ်ပြီး ကျေးရွာ၏ လိုအပ်ချက်များကို ထပ်မံဆောက်ရွက်ပေးနိုင်မှာ ဖြစ်ကြောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ကျေးလက်ပြည်သူကို ဝန်ဆောင်မှုပေးပြီး ကျေးလက်ဒေသဖွံ့ဖြိုးရေးကို ဖော်ဆောင်ပေးရသည့် ဌာနဖြစ်သည့်အတွက် လက်ရှိဆောင်ရွက်လျက်ရှိပြီး ကျေးလက်ဒေသဖွံ့ဖြိုးရေးစီမံကိန်းလုပ်ငန်းများကို ကျေးလက်နေပြည်သူများနှင့်အတူ အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ပေးကြရန် ပြောကြားသည်။
ဆက်လက်၍ ရှမ်းပြည်နယ်(တောင်ပိုင်း) ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးမောင်မောင်ဝင်းမှ စီမံကိန်းလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ရန်ပုံငွေများ ပေးအပ်ချီးမြှင့်ပေးရာ မြစိမ်းရောင် ကျေးရွာစီမံကိန်း(၁)ယူနစ်အတွက် ရန်ပုံငွေကျပ်သိန်း(၃၀၀)ကို ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုင်းသော်ဝင်းမှ လည်းကောင်း၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP)(၁)ယူနစ်အတွက် ရန်ပုံငွေကျပ်သိန်း(၁၀၀)ကို ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံမှ လည်းကောင်း၊ Cash for work(၁)ယူနစ်အတွက် ရန်ပုံငွေကျပ်သိန်း(၁၀၀)ကို တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းမှလည်းကောင်း၊ ကျေးလက်စီးပွားမြှင့်မားရေး ရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း(RBF) စီမံကိန်း(၁)ရွာအတွက် ရန်ပုံငွေကျပ်သိန်း(၃၀၀)ကို ပြည်နယ်လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးရဲမှူးချုပ် တင်ကိုကိုမှလည်းကောင်း၊ အရင်းမပျောက် မတည်ရန်ပုံငွေစီမံကိန်း(VRFP) (၁)ယူနစ်အတွက် ရန်ပုံငွေကျပ်သိန်း(၃၀၀)ကို ပြည်နယ်လူမှုရေးဝန်ကြီး ဦးအောင်မြင့်မှလည်းကောင်း၊ မြစိမ်းရောင်ကျေးရွာ စီမံကိန်း (ဆီထွက်သီးနှံ)(၁)ယူနစ်အတွက် ရန်ပုံငွေကျပ်သိန်း(၃၀၀)ကို ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်မှလည်းကောင်း၊ မြစိမ်းရောင် ကျေးရွာဆီထွက်သီးနှံ(၃)ယူနစ်အတွက် ရန်ပုံငွေကျပ်သိန်း (၇၀၀) ကို ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်မှလည်းကောင်း၊ ကျေးလက်စီးပွားမြှင့်မားရေး ရန်ပုံငွေ ထူထောင်ခြင်းလုပ်ငန်း(RBF)စီမံကိန်း(၂)ရွာအတွက် ရန်ပုံငွေကျပ်သိန်း(၆၀၀)ကို ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦးမှလည်းကောင်း၊ Cash forWork (၁၉)ရွာအတွက် ရန်ပုံငွေကျပ် သိန်း(၁၉၀၀)ကို ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးကြွယ်ကြွယ်မှလည်းကောင်း၊ မြစိမ်းရောင် ကျေးရွာစီမံကိန်း(၁၀)ယူနစ်အတွက် ရန်ပုံငွေကျပ်သိန်း(၂၇၀၀)နှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း စီမံကိန်း (VDP) (၂၆၂)ရွာအတွက် ရန်ပုံငွေကျပ် သိန်း(၂၆၂၀၀) ကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းတို့က အသီသီးပေးအပ်ခဲ့ကြကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)