မိုင်းယောင်း ဇူလိုင် ၂၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ခရိုင်အဆင့် (၂၃)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက ဗလမင်းထင်ခန်းမ၌ ပြုလုပ်သည်။
ခရိုင်အဆင့် (၂၃)ကြိမ်မြောက် ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲ ကြီးကြပ်ရေးကော်မတီနာယက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်က အမှာစကား ပြောကြားပြီး ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲ ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ လဝကဦးစီးမှူး ဦးအောင်ပြည်စိုး၊ ဒုတိယဥက္ကဋ္ဌ မြို့နယ်ပညာရေးမှူး ဒေါ်နန်းမြင့်သိန်းနှင့် ကော်မတီဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများကို အသီးသီး ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်၊ ခရိုင်အဆင့် (၂၃)ကြိမ်မြောက် ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲ ကြီးကြပ်ရေးကော်မတီနာယက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေတို့က ခရိုင်အဆင့် ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဆွေးနွေးအကြံပြုခဲ့ကြပြီး ကော်မတီဝင်များ၏ တင်ပြချက်များအပေါ် ခရိုင်အဆင့် (၂၃)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကြီးကြပ်ရေးကော်မတီနာယက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
စိုင်းအောင်ဇော်လင်း