မိတ္ထီလာမြို့နယ်တွင် မိုးနေကြာမျိုးစေ့ထုတ် စိုက်ဧက ၁၀၀တွင် စိုက်ပျိုးမည့် တောင်သူများအား မျိုးကောင်းမျိုးသန့် နေကြာမျိုးစေ့များ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကျင်းပ

မိတ္ထီလာ ဇူလိုင် ၂၈

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် မိုးနေကြာမျိုးစေ့ထုတ်စိုက်ဧက ၁၀၀တွင် စိုက်ပျိုးမည့် တောင်သူများအား မျိုးကောင်းမျိုးသန့် နေကြာမျိုးစေ့များ ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်အောင်လေးက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စန္ဒာလင်းက မိုးနေကြာမျိုးစေ့ထုတ်တောင်သူများအား မျိုးကောင်းမျိုးသန့်မျိုးစေ့များ ထောက်ပံ့ပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် ခရိုင်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြင့်ဝင်းက မျိုးစေ့ထုတ်မိုးနေကြာ စိုက်ပျိုးမည့် တောင်သူများအား သွင်းအားစုများနှင့် စိုက်ပျိုးထုတ်လုပ်မှုစရိတ်များ အဆင်ပြေစေရန် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သတ်မှတ်ချက်များနှင့်အညီ မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေများ ထုတ်ချေးဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်အောင်လေး၊ ခရိုင်စိုက်ပျိုးရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စန္ဒာလင်း၊ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြင့်ဝင်းနှင့် မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မျိုးမျိုးလတ်တို့က မိုးနေကြာ မျိုးစေ့ထုတ်စိုက်ဧက ၁၀၀ တွင် စိုက်ပျိုးမည့် တောင်သူများအား နေကြာမျိုးစေ့ထုတ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ မိုးနေကြာမျိုးစေ့များ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်အောင်လေးနှင့် အဖွဲ့ဝင်များ၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စန္ဒာလင်း၊ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြင့်ဝင်းနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဦးမောင်မောင်ငြိမ်းနှင့် ဝန်ထမ်းများ၊ မိုးနေကြာမျိုးစေ့ထုတ်စိုက်ဧက ၁၀၀ တွင် စိုက်ပျိုးမည့် တောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ 

သိန်းမြင့်ကျော်(မိတ္ထီလာ)