ကျောက်ဆည်မြို့နယ်တွင် ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲပြုလုပ်

ကျောက်ဆည် ဇူလိုင် ၂၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ မြောင်းဦးကျေးရွာ ကွင်းအမှတ်(၁၈၁)၊ ဦးပိုင်အမှတ် (၂၃-ဃ) တောင်သူဦးအောင်စိုး၏ လယ်မြေ(၁.၇၅)ဧကတွင် ယနေ့နံနက်(၉)နာရီခွဲက ကောက်စက်စိုက်ဖြင့် ဧရာမင်းမိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲ ပြုလုပ်ခဲ့ကြောင်း သိရှိရပြီး ခရိုင်စက်မှုလယ်ယာဦးစီးဌာနမှလက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မင်းဦးက ကောက်စိုက်စက်အသုံးပြုခြင်းဖြင့် လုပ်အားခသက်သာခြင်း၊ မျိုးစေ့ကုန်ကျမှုသက်သာခြင်း၊ ပျိုးထောင်ဧရိယာအနည်းငယ်သာလိုအပ်ခြင်း၊ ပျိုးပင်များ ပြုပြင်ထိန်းသိမ်းမှု လွယ်ကူစိတ်ချရခြင်း၊ ပျိုးပင်များနှုတ်ယူရန်မလိုအပ်ခြင်း၊ သန်မာ၍ ရောဂါကင်းသော ပျိုးပင်များရရှိခြင်း၊ ကောက်စိုက်ရာတွင် လူအင်အားအသုံးပြုမှုနည်းပါးခြင်း၊ လုပ်ငန်း တွင်ကျယ်ခြင်း၊ ကောက်ပင်လှန်ရက် စောင့်ဆိုင်းရန်မလိုခြင်းနှင့် လေဝင်လေထွက်ကောင်းခြင်း၊ ပင်ပွားနှုန်းကောင်းပြီး စပါးအထွက်နှုန်းကောင်းစေခြင်း၊ ရိတ်သိမ်းချွေလှေ့စက်များဖြင့် အလွယ်တကူ ရိတ်သိမ်းနိုင်ခြင်းစသည့် အကျိုးကျေးဇူးများအကြောင်း ရှင်းလင်းပြေကြားခဲ့သည်။

ကောက်စိုက်စက်အမျိုးအစားသည် (၆)တန်းသွား KUBOTA  (၃)လုံးထိုး၊ဒီဇယ်အင်ဂျင် ဖြစ်ပြီး စပါးပျိုးများ စိုက်ပျိုးရာတွင် ပင်ကြား(၄)လက်မမှ (၆)လက်မအထိ လိုသလို အသုံးပြုနိုင်ပြီး တန်းကြားအနေဖြင့် (၁၁) လက်မရှိကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်၌ မိုးစပါးများကို  နွားတက်၊ ကွမ်းဆေး၊ အထက်လင်းဇင်း၊ ငပြောင်၊ သင်းတွဲ၊ သင်းဒီး၊ မင်းရဲ၊  ဇီးတော၊  တမုတ်၊ ထုံးကြီး၊ စမာ ရေးပေးဝေမြောင်းများမှ မြောင်းရေသောက်စနစ်ဖြင့် (၃၅၉၉၄)ဧက၊ ကင်းတားဆည်ရေသောက်စနစ်ဖြင့် (၁၆၀၂၇)ဧက၊ သစ်တက္ကုန်းဆည်ရေသောက် စနစ်ဖြင့် (၄၃၆)ဧက၊ မိုးကောင်းသောက်(မိုးရေ)ဖြင့် (၂၅၀)ဧက၊ မြေအောက်ရေ(စက်ရေတွင်း)ဖြင့် (၁၁၀)ဧက စုစုပေါင်း (၅၂၈၁၇)ဧက စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)