လူထုအခြေပြုဗဟိုဌာန (ပျဉ်းမနား)၌ ပြည်ထောင်စုနယ်မြေ စာကြည့်တိုက်များဖောင်ဒေးရှင်း အမှုဆောင်သစ်များရွေးချယ်

ပျဉ်းမနား ဇူလိုင် ၂၈

ပြည်ထောင်စုနယ် မြေစာကြည့်တိုက်များဖောင်ဒေးရှင်း  အမှုဆောင်သစ်များ ပြန်လည်ရွေးချယ်ခြင်းဆိုင်ရာ အစည်းအဝေးကို ယနေ့မွန်းလွဲ(၁)နာရီတွင် ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။

ရှေးဦးစွာ ပြည်ထောင်စုနယ်မြေ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တိုင်းဦးစီးမှူး ဒေါ်သင်းသင်းဇင်က အမှုဆောင်သစ်များ ပြန်လည်ရွေးချယ်ခြင်းနှင့်စပ်လျဉ်း၍ အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက် အစည်းအဝေးသို့တက်ရောက်လာကြသူများက ပြည်ထောင်စုနယ်မြေ စာကြည့်တိုက်များဖောင်ဒေးရှင်း အမှုဆောင်သစ်များအား အဆိုပြုတင်သွင်းခြင်းနှင့် အတည်ပြုခြင်းဆိုင်ရာများကို ဆောင်ရွက်ကြသည်။

ယနေ့ကျင်းပသည့်  အမှုဆောင်သစ်များ  ပြန်လည်ရွေးချယ်ခြင်းဆိုင်ရာ အစည်းအဝေးတွင် ပြည်ထောင်စုနယ်မြေ စာကြည့်တိုက်များဖောင်ဒေးရှင်းဥက္ကဋ္ဌအဖြစ် ဦးထွန်းထွန်းဝင်း (ကိုထွန်း-ကျယ်ဂေါင်)၊ ဒုတိယဥက္ကဋ္ဌ(၂)ဦး၊ အတွင်းရေးမှူး(၁)ဦး၊ တွဲဖက်အတွင်းရေးမှူး(၂)ဦး၊ ဘဏ္ဍာရေးမှူး(၁)ဦး၊ တွဲဖက်ဘဏ္ဍာရေးမှူး (၁)ဦး၊ စာရင်းစစ်မှူး(၁)ဦးနှင့် တွဲဖက် စာရင်းစစ်မှူး(၁)ဦးတို့ကို အတည်ပြုရွေးချယ်ခဲ့ကြကြောင်း သိရသည်။

အခမ်းအနားအပြီးတွင် စာရေးဆရာမ သက်သက်နွယ်(ရန်ကုန်တက္ကသိုလ်)က စာပေဗိမာန်စာမူဆု ဒုတိယဆုရရှိခဲ့သည့် လမင်းစန္ဒာလင်းပါစေနှင့်အခြားဝတ္ထုတိုများ ကိုယ်တိုင်ရေးစာအုပ်အား မြို့နယ်ပြည်သူ့စာကြည့်တိုက်အတွက် ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ဇော်မင်းလွင်(ပြန်/ဆက်)