ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း  စစ်တွေမြို့ပေါ်ရှိ ထေရ်ကြီး၊ ဝါကြီး ဆရာတော်ကြီးများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး Booster Dose ထိုးနှံပေးနေမှုအား လှည့်လည် ကြည်ညို

စစ်တွေ ဇူလိုင် ၂၈

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းသည် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့ နေ့လယ်ပိုင်းက စစ်တွေမြို့ သာသနာ့ဗိမာန်တော်၌ စစ်တွေမြို့ပေါ်ရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၊ ရဟန်း၊ သံဃာ၊ သာမဏေများနှင့် သီလရှင်များအား ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေးနေမှုအား လှည့်လည် ကြည်ညို အားပေးသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် စစ်တွေမြို့၊ လောကာန္ဒာစေတီတော်ဝန်းအတွင်းရှိ သာသနာ့ဗိမာန်တော်သို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Booster Dose ထိုးနှံရန် ကြွရောက်တော်မူကြသော စစ်တွေမြို့ပေါ်မှ ထေရ်ကြီး၊ ဝါကြီး ဆရာတော်ကြီးများအား လှည့်လည် ကြည်ညို ဖူးမြော်ပြီး အဖျော်ရည်များနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် ပြည်နယ် ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဆရာတော်ကြီးများ၊ ရဟန်း၊ သံဃာ၊ သာမဏေများနှင့် သီလရှင်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး  ထိုးနှံနေမှုကို လှည့်လည်ကြည့်ရှု အားပေးကြသည်။

ထိုသို့ ကိုဗစ်-၁၉ ရောဂါ ကာဆေးထိုးနှံခြင်း ဆောင်ရွက်ရာတွင် ကာကွယ်ဆေး ထိုးနှံခြင်း မပြုမီ စစ်တွေ တပ်နယ်မှ ဆေးဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက စာရင်းဇယားကောက်ယူခြင်း၊ ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ သွေးအတွင်း အောက်ဆီဂျင် ပါဝင်မှု ပမာဏတိုင်းတာပေးခြင်းတို့ကို ဆောင်ရွက်ပေးကြပြီး ပုံမှန်အနေအထားရှိမှသာ ကာကွယ်ဆေး ထိုးနှံပေးခြင်းဖြစ်ကာ ဆေးထိုးနှံပြီးနောက်တွင်လည်း မိနစ် ၃၀ အကြာ စောင့်ကြည့်ပြီးမှ ပြန်လည်ထွက်ခွင့်ပြုကြောင်း သိရသည်။

စစ်တွေမြို့ပေါ်ရှိ ထေရ်ကြီး၊ ဝါကြီး ဆရာတော်ကြီးများ၊ ရဟန်း၊ သံဃာ၊ သာမဏေများနှင့် သီလရှင်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင် ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေးခြင်းအပြင် အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးမထိုးနှံရသေးသည့် ရဟန်း၊ သာမဏေနှင့် သီလရှင်များကိုလည်း ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)