ညောင်ရွှေ စက်တင်ဘာ ၁၁
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်အတွင်းရှိ အင်းလေးကန် သန့်ရှင်းသာယာလှပရေးအတွက် တပ်မတော်မှ ဒိုက်နှင့်ဗေဒါ ရှင်းလင်းစက်(၂)စီးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများ ပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို ယမန်နေ့ နံနက်(၉)နာရီခန့်က ညောင်ရွှေမြို့နယ်၊ ဟိုတယ်ဇုန်စက်လှေဆိပ် ရှင်းလင်းဆောင်၌ ပြုလုပ် ခဲ့ကြောင်းသိရှိရသည်။
အခမ်းအနားတွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်လင်းအောင်က အမှာစကား ပြောကြားပြီး ဒိုက်နှင့်ဗေဒါရှင်းလင်းစက်(၂)စီးနှင့် ပတ်သက်သည့် စာရွက် စာတမ်းများအား ပေးအပ်လှူဒါန်းရာ အင်းသား လူမှုရေး အသင်းနာယက ဒေါက်တာချစ်ရီ မှ လက်ခံရယူ ခဲ့သည်။
ဆက်လက်ပြီးတိုင်းမှူးမှ ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်လှူဒါန်းရာ အင်းသားလူမှုရေး အသင်း(တောင်ကြီး)နှင့် အင်းသားစာပေယဉ်ကျေးမှုနှင့် ဒေသဖွံ့ဖြိုးရေးအသင်းတို့မှ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။
၎င်းနောက် ဒုတိုင်းမှူး ဗိုလ်မှူးချုပ်ဝင်းဇော်မိုးမှ စားသောက်ဖွယ်ရာများအား ထောက်ပံပေးအပ် လှူဒါန်းရာ အင်းသားစာပေယဉ်ကျေးမှုနှင့် ဒေသဖွံ့ဖြိုးရေးအသင်းဥက္ကဋ္ဌ ဦးတက်ထွန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်ထွန်းနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝေလင်းတို့မှ အသီးသီး လက်ခံရယူခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ဒိုက်နှင့် ဗေဒါရှင်းစက် Aquatic Weed Harvester စက်သည် ကနေဒါ နိုင်ငံထုတ် Aquamarine အမှတ်တံဆိပ်ဖြစ်ပြီး တစ်စီးလျှင် ငွေကျပ်(၂၄၆၀)သိန်း တန်ဖိုးရှိကြောင်း၊ ယာဉ်အလေးချိန် ၃ တန်ခန့်ရှိပြီး ဒိုက်နှင့်အမှိုက်သယ်နိုင်ဝန် ၂၀၁ ကုဗပေခန့် တင်ဆောင်နိုင်ကြောင်း၊ တစ်နာရီလျှင် ဒိုက်နှင့်အမှိုက် ၂၀၀ ကုဗပေ ရှင်းလင်းနိုင်ပြီး တစ်ရက်လျှင် ၁၆၀၀ ကုဗပေ ရှင်းလင်းနိုင်ကြောင်း၊ ရှင်းလင်းရာတွင် ဒိုက်များအား ထိုးကော်ဖြတ်တောက်ခြင်း၊ ယာဉ်ပေါ်သို့ တင်ဆောင်ခြင်း၊ သတ်မှတ် တန်ချိန်ပြည့်ပါက စွန့်ပစ်မည့် မြေနေရာသို့သွန်ချခြင်း စသည့်လုပ်ငန်းများကို Automatic System ဖြင့် လုပ်ဆောင်နိုင်မည်ဖြစ်၍ အင်းလေးကန် သန့်ရှင်းသာယာလှပရေး လုပ်ငန်းကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။
စိုင်းအယ်ဘဲ