လင်းခေးမြို့၌ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် တိုင်းရင်းသားရိုးရာ ဝတ်စားဆင်ယင်မှုပြိုင်ပွဲကျင်းပ

လင်းခေး ဇူလိုင် ၂၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးမြို့၌ လွိုင်ခမ်းအမျိုးသမီးများအဖွဲ့မှ ကြီးမှူး၍ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် တိုင်းရင်းသားရိုးရာ ဝတ်စားဆင်ယင်မှုပြိုင်ပွဲကို ယနေ့ နံနက်(၁၀)နာရီအချိန်က နွယ်ဝတီခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ လွိုင်လင်မြို့၊ လွိုင်ခမ်းအမျိုးသမီးများအဖွဲ့၊ ဒါရိုက်တာ ဒေါ်နန်းသန်းသန်းညွှန့် က ပြိုင်ပွဲကျင်းပရခြင်းနှင့် ပတ်သက်၍ "အမျိုးသမီးများ ကိုယ့်ကိုယ်ကို ယုံကြည်စိတ်ရှိ‌စေရန်၊ ပရိတ်သတ်ကြားထဲ ရဲရဲဝံ့ဝံ့ ပြောဆိုနိုင်‌စေရန် ၊ မိမိနှင့်လိုက်ဖက်တင့်တယ်သည့် အဝတ်အစားများ ဝတ်ဆင်တတ်‌စေရန်၊ တိုင်းရင်းသားရိုးရာဝတ်စုံကို မြတ်နိုးတန်ဖိုးထားတတ်ပြီး ပူးပေါင်းလုပ်ဆောင်တတ်စေရန်၊ အချင်းချင်း ပေါင်းသင်းဆက်ဆံရေးနယ်ပယ် ပိုမိုကျယ်ပြန့်လာစေရန်နှင့် ပြောဆိုမှုစွမ်းရည် တိုးတက်မြင့်မားလာစေရန်" စသည့် ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး ပြိုင်ပွဲဝင်များမှ တိုင်းရင်းသားရိုးရာဝတ်စုံများဖြင့် ယှဉ်ပြိုင်ခဲ့ကြသည်။ ဆက်လက်၍ အကပဒေသာများဖြင့် ကပြဖျော်ဖြေခဲ့ကြပြီး ဆုရရှိသူများအား ဆုများချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲသို့ လွိုင်ခမ်းအမျိုးသမီးများအဖွဲ့မှ ဒါရိုက်တာနှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများ၊ ပြိုင်ပွဲဝင်များ စုစုပေါင်း အင်အား(၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)