သိန္နီမြို့နယ်တွင် အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်း ကျောင်းသား/ကျောင်းသူ(၉၈)ဦးအား ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး Sinopharm 5 Dose ထိုးနှံပေးခြင်းဆောင်ရွက်

သိန္နီ ဇူလိုင် ၂၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်ရှိ အမှတ်(၂) အခြေခံပညာမူလတန်းကျောင်း၌ အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်း ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sino-pharm 5 Dose ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ထိုသို့ထိုးနှံရာတွင် သိန္နီမြို့နယ် ပညာရေးမှူး ဒေါ်သူဇာအေး၏ကြီးကြပ်မှုဖြင့် သိန္နီမြို့၊ အမှတ်(၂) မူလတန်းကျောင်းမှဆရာ/ဆရာမများက ဝိုင်းဝန်းပူးပေါင်း၍ ကျောင်းသား/ ကျောင်းသူများအား ဆေးထိုးနှံရာတွင် အဆင်ပြေစွာထိုးနှံနိုင်ရေး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ “ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဒုတိယအကြိမ် ထိုးနှံပေးခြင်းဖြစ်ကြောင်း၊ ဆေးထိုးနှံရာတွင်လည်း ကျောင်းသားမိဘအုပ်ထိန်းသူများ၏ သဘောတူချက်ရယူကာ ထိုးနှံပေးခြင်းဖြစ်ကြောင်း၊ အ-ထ-က(၁)နှင့် အ-ထ-က(၂) ကျောင်းများရှိ ကျောင်းသား/သူများကို ဒုတိယအကြိမ်ဆေးထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း၊ ယနေ့ အ-မ-က(၂)တွင် ကျောင်းသား(၃၉)ဦး၊ ကျောင်းသူ(၅၉)ဦး၊ စုစုပေါင်း (၉၈)ဦး ထိုးနှံပေးခဲ့ခြင်းဖြစ်ကြောင်း၊ ကျန်ရှိသည့် ကျောင်းများကိုလည်း ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း” မြို့နယ်ပညာရေးမှူး ဒေါ်သူ ဇာအေးထံမှ သိရသည်။

စောဥမ္မာ(သိန္နီ)