ပန်းလှိုင်မြစ်အတွင်းသို့ ငါးသားပေါက်ကောင်ရေ ခုနှစ်သိန်းကျော် ငါးမျိုးစိုက်ထည့်ပေးခဲ့

ထန်းတပင်(ရန်ကုန်) ဇူလိုင် ၂၈

ငါးမွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေရန်၊ ငါးသယံဇာတများ စဉ်ဆက်မပြတ်ရေရှည် ထိန်းသိမ်းရေး၊ ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် ဝင်ငွေရရှိစေရန်၊ ငါးမျိုးကောင်းမျိုးသန့်များ ရေရှည်တည်တံ့ပြန့်ပွားစေရန်နှင့် ငါးရိက္ခာများရေရှည် စားသုံးနိုင်ရန်ရည်ရွယ်ကာ ယနေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ ကျွန်းငူကမ်းနားရှိ ပန်းလှိုင်မြစ်အတွင်းသို့ ငါးသားပေါက်ကောင်ရေ ခုနှစ်သိန်းကျော်ကို ငါးမျိုးစိုက်ထည့်ပေးခဲ့ကြကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာန၏ စီစဉ်ကြီးကြပ်မှုများဖြင့် ငါးမျိုးစိုက်ထည့်ခြင်းများကို တိုင်းဒေသကြီးအတွင်း ဆောင်ရွက်လျက်ရှိပြီး ပန်းလှိုင်မြစ် အတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်းကိုလည်း တိုင်းဒေသကြီး၊ ခရိုင်တာဝန်ရှိသူများနှင့် မြို့နယ်တာဝန်ရှိသူများ ပူးပေါင်းကာ လှော်ကားငါးလုပ်ငန်းစခန်းနှင့် လေးထောင့်ကန်ငါးလုပ်ငန်း စခန်းတို့မှ ငါးသားပေါက်ကောင်ရေ ခုနှစ်သိန်းကျော်တို့ကိုငါးမျိုးစိုက်ထည့်ပေးခဲ့ကြခြင်းဖြစ်ကြောင်းလည်း သိရသည်။

ငါးမျိုးစိုက်ထည့်ရာတွင်လည်း ရန်ကုန်တိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာန ဒုတိယတိုင်းဒေသကြီး ဦးစီးမှူး ဦးတင့်လွင်၊ မြောက်ပိုင်းခရိုင်ဦးစီးမှူး ဦးလေးနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်နိုင်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးဖြိုးဝေစိုး၊ အဖွဲ့ဝင်(၂) ဦးအေးဝင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူခင်စိုး၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနေဝင်းအောင်၊ မြို့နယ်ဌာန ဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်နေပြည်သူများက ပန်းလှိုင်မြစ်အတွင်းသို့ ထိုင်းငါးခုံးမငါးသားပေါက်ကောင်ရေ သုံးသိန်းခြောက်သောင်းလေးထောင်၊ ငါးမြစ်ချင်း ငါးသားပေါက်ကောင်ရေတစ်သိန်းနှင့် ရွှေဝါငါးကြင်း ငါးသားပေါက်ကောင်ရေ နှစ်သိန်းခွဲ စုစုပေါင်း ငါးသားပေါက်ကောင်ရေ ခုနှစ်သိန်းတစ်သောင်းလေးထောင် (၇၁၄ဝဝဝ) တို့ကို ငါးမျိုးစိုက်ထည့်ပေးခဲ့ကြကြောင်း သိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)